ကော်ဖီနှင့် ကင်ဆာဆက်စပ်မှုရှိလား
နိုင်ငံပေါင်း 10 နိုင်ငံမှ သိပ္ပံပညာရှင် 23 ဦးဟာ ကော်ဖီနဲ့ ကင်ဆာရောဂါအကြောင်းလေ့လာချက်များ ကို ဆန်းစစ်ပြီးတဲ့နောက်မှာ ယခင်က ကော်ဖီနဲ့ပတ်သက်တဲ့ အယူအဆကို ပြောင်းလဲခဲ့ကြပါတယ်။ 1991 ခုနှစ်မှာ ကော်ဖီသောက်ခြင်းနဲ့ ဆီးအိမ်ကင်ဆာ ဆက်စပ်မှုရှိနေတဲ့ တွေ့ရှိချက်များကြောင့် IARC က ကော်ဖီကို ကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါမှာ ပိုမိုကောင်းမွန်တဲ့ လေ့လာချက်အသစ်တွေအရ ကော်ဖီသောက်ခြင်းဟာ ဆီးအိမ်ကင်ဆာကို ဖြစ်ပေါ်စေနိုင်တယ်လို့ ယူဆလို့မရတော့ကြောင်း IARC က ယခင်က၄င်း၏ယူဆချက်အပေါ် ပြန်လည်ပြင်ဆင်ပြောကြားခဲ့ပါတယ်။
၄င်းအပြင် IARC အနေနဲ့ လေ့လာချက်များကို ပြန်လည်သုံးသပ်ပြီးနောက်မှာ ကော်ဖီဟာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ မုန့်ချိုအိတ်၊ ပန်ကရိယကင်ဆာများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။
ကော်ဖီစေ့ထဲမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ပါဝင်တဲ့အတွက် ကော်ဖီဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ခြင်း ရှိ/မရှိကိုလည်း လေ့လာမှု များစွာပြုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ရလဒ်များကို ခြုံငုံကြည့်လျှင် အကျိုးသက်ရောက်မှုအဖြေမှာ မကွဲပြားဘဲ ကင်ဆာဖြစ်နိုင်ခြေလျော့ကျစေကြောင်း တွေ့ရှိခဲ့တဲ့လေ့လာမှုအများအပြားမှာ တစ်ရက်မှာ ကော်ဖီ 4 ခွက်မှ 6 ခွက်အထိ သောက်သုံးသူများမှာသာ အကျိုးသက်ရောက်မှုရှိတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ်ပါဝင်တဲ့ကော်ဖီကို အများအပြားအလွန်အကျွံသောက်သုံးခြင်းဟာ ကျန်းမာရေးပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ပြီး အိပ်မပျော်တာ၊ ဆိုးဝါးစွာခေါင်းတစ်ခြမ်းကိုက်သည့်ရောဂါ (Migrane) ကို ရောဂါထစေတာနဲ့ အစာချေဖျက်မှုပြဿနာ စတဲ့ဝေဒနာတွေကိုခံစားရစေနိုင်ပါတယ်။ ၄င်းအပြင် ကော်ဖီထဲမှာ သကြားနဲ့ မလိုင်တွေထည့်သောက်တာကြောင့် အဆီဓာတ်နဲ့ကယ်လိုရီဓာတ်အပိုများရရှိကာ ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်းကိုဖြစ်စေနိုင်ပြီး အဆီဓာတ်များနဲ့အဝလွန်ခြင်းကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေကို ပြန်လည်မြင့်တက်စေနိုင်ပါတယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို နေ့စဉ်ပုံမှန်ပိုမိုစားသောက်ပေးခြင်းဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ခန္ဓာကိုယ်တွင်းရရှိနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ပိုမိုညီညွတ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေ ကိုလည်း လျော့ကျစေဖို့ကူညီပေးမှာဖြစ်ပါတယ်။
Dr. Thanda Lin






























