/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာစွာ-အသက်ရှည်ရှည်-နေလိုပါသလား…-အမျှင်ဓာတ်များများ-စားပေးပါ

ကျန်းမာစွာ အသက်ရှည်ရှည် နေလိုပါသလား… အမျှင်ဓာတ်များများ စားပေးပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         လေ့လာမှုအသစ်များအရ အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ကောက်နှံ၊ သစ်သီး၀လံတွေကို စားသုံးခြင်းက အသက်အရွယ်ကြီးလာချိန်မှာ အနာရောဂါကင်းရှင်းစွာနေနိုင်ရေးရဲ့ သော့ချက်ဖြစ်တယ်လို့ သိရပါတယ်။ ဤလေ့လာမှုရလဒ်အသစ်ကို The Journal of Gerontology မှာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး သြစတြေးလျရှိ The Westmead Institute မှ Prof. Gopinath နှင့် လုပ်ဖော်ကိုင်ဖက်တွေပြုလုပ်ခဲ့တဲ့ လေ့လာမှုပေါ်မှာ အခြေခံထားခြင်းဖြစ်ပါတယ်။

          စုဆောင်းရရှိခဲ့တဲ့ အချက်အလက်တွေက ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကင်းရှင်းသူ အသက် 49 နှစ် နှင့် အထက်လူကြီး 1,609 ယောက်ကို 10 နှစ်ကျော်ကြာအောင် လေ့လာခဲ့ပြီး ရရှိခဲ့တာဖြစ်ပါတယ်။ လေ့လာမှုမှာပါ၀င်သူတွေရဲ့ စားသောက်မှုပုံစံကို စားရင်းပြုစုလေ့လာပြီးနောက်မှာ အမျှင်ဓာတ်ဟာ အသက်ကြီးလာသည့်တိုင်အောင် ကျန်းမာရေးကောင်းမွန်ဖို့အတွက် ကြီးမားတဲ့အခန်းကဏ္႑မှာ ပါ၀င်နေတာကိုတွေ့ရတယ်လို့ Pro. Gopinath က ရှင်းပြပါတယ်။ အမျှင်ဓာတ်ကို အများဆုံး စားသုံးသူတွေဟာ အခြားသောသူတွေထက်ပိုပြီး ကျန်းမာတဲ့ဘ၀မှာ နေထိုင်နိုင်တဲ့နှုန်းဟာ 80% ပို ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်စားသုံးမှုမြင့်မားတဲ့သူတွေမှာ သွေးတိုး၊ ဆီးချို၊ စိတ်ကျရောဂါ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရောဂါနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုချို့ယွင်းမှုတွေဖြစ်ဖို့ အလားအလာနည်းတာကိုတွေ့ရတယ်လို့ သူမကဆိုပါတယ်။

          အမျှင်မှာမှ ပျော်၀င်နိုင်တဲ့ အမျှင်နဲ့ မပျော်၀င်နိုင်တဲ့ အမျှင်ဆိုပြီး (2)မျိုးရှိပါတယ်။ ပျော်၀င်နိုင်တဲ့ အမျှင်တွေကို အုတ်ဂျုံ၊ ဘာလီ၊ ပဲအမျိုးမျိုး၊ အစေ့အမျိုးမျိုး၊ သစ်သီး၀လံ၊ အခွံမာသီး စတာတွေမှာပါ၀င်ပြီး အစာချေဖျက်ခြင်းကို နှေးကွေးစေတာကြောင့် အဆာခံစေပါတယ်၊ ကိုလက်စထရောပမာဏ ကို လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

          မပျော်၀င်နိုင်တဲ့ အမျှင်တွေကို ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ ကောက်နှံ တခုလုံးပါ၀င်သော အစားအစာများတွင် တွေ့ရပြီး အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက် အစာများဖြတ်သန်းစီးမှု ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်မှ အစာဟောင်းများကို များများစွန့်ထုတ်နိုင်စေပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com