/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာတဲ့ခန္ဓာကိုယ်ကို-ပိုင်ဆိုင်နိုင်စေဖို့အတွက်

ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေဖို့အတွက် သိထားသင့်သောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ကိုယ့်ကိုယ်ကို မှန်ထဲမှာပြန်ကြည့်တဲ့အခါမှာတွေ့ရတဲ့ပုံရိပ်ကို မနှစ်သက်ဘူးဆိုရင်တော့ ဒီလိုဖြစ်တာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီလိုခံစားနေရပြီဆိုရင် အောက်ပါအကြံပေးချက်များကို ဖတ်ကြည့်လိုက်ပါ။ ပိုပြီးလှပကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

1. ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကြိုက်နှစ်သက်တဲ့အရာတွေကို စာရင်းပြုစုထားပါ။

         ခန္ဓာကိုယ်မှာ ကိုယ်ကြိုက်တဲ့အရာ 10 ခုကိုစာရင်းလုပ်ပြီး ဒါတွေကိုအဓိကထားပြီး ကြိုးစားပါ။ ဒါတွေက မျက်လုံး၊ ဆံပင် (သို့) တောင့်တင်းပြီးစွဲမက်ဖွယ်ရာခန္ဓာကိုယ် စသည်တို့ဖြစ်နိုင်ပါတယ်။ ဒီစာရင်းကို နေ့တိုင်းဖတ်ခြင်းဖြင့် ကိုယ့်ခန္ဓာကိုယ်မှာရှိတ့ဲ ကိုယ်ကြိုက်နှစ်သက်တဲ့အစိတ်အပိုင်းတွေကို ပိုပိုပြီးသတိထားမိနေစေပါလိမ့်မယ်။

2. မှန်ကန်တဲ့လူတွေနဲ့ တွေ့ဆုံပါ

         တစ်ခါတစ်ရံမှာ လူတွေကရက်စက်တတ်ကြပါတယ်။ လူတိုင်းတော့မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့အားနည်းချက်အပေါ်မှာ မုန်းတီးစရာမှတ်ချက်ပေးတတ်တဲ့သူတွေနဲ့ တွဲနေမယ်ဆိုရင်တော့ ကိုယ့်ကိုတိုက်ရိုက်လာပြောတာမျိုးမဟုတ်ရင်တောင် လှောင်ပြောင်မှုတွေကိုကြားနေရတဲ့အတွက် စိတ်မသက်သာဖြစ်နေရတတ်ပါတယ်။ ဒါကြောင့်တခြားသူတွေကို နောက်ပြောင်ပြီး မကောင်းပြောတတ်တဲ့ သူတွေနဲ့မတွဲဘဲ ရုပ်အသွင်အပြင်အပေါ်မမူတည်ဘဲ တစ်ဦးနဲ့တစ်ဦချီးကျူးတတ်သူတွေနဲ့ တွေ့ဆုံပါ။

3. မကောင်းတဲ့အတွေးတွေကို ဖယ်ထုတ်လိုက်ပါ

         ကိုယ့်စိတ်မှာဖြစ်နေတာတွေက ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့မကောင်းတဲ့ အတွေးတွေကိုဖယ်ထုတ်လိုက်ပြီး အကောင်းမြင်နိုင်အောင်ကြိုးစားပါ။ ဒါကအရမ်းရိုးရှင်းတယ်လို့ထင်ရပေမယ့် တကယ်အလုပ်ဖြစ်ပါတယ်။ နောက်တစ်ကြိမ် မကောင်းတဲ့အတွေးတွေတွေးမိပြီဆိုရင် ခန္ဓာကိုယ်မှာကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေကိုချရေးပြီး ဒါတွေအကြောင်းပဲတွေးနေလိုက်ပါ။

4. စိတ်ဒုက္ခ္ခရောက်စေတဲ့ သတင်းမီဒီယာတွေကို မကြည့်ပါနဲ့

         ပြည့်စုံတဲ့ခန္ဓာကိုယ်အကြောင်းတွေကိုတင်ဆက်တဲ့ မီဒီယာတွေကိုကြည့်ခြင်းအားဖြင့် ကိုယ့်ခန္ဓာကိုယ် အပေါ်မကောင်းတဲ့အတွေးတွေကို ဝင်စေပါတယ်။ လူသိများကျော်ကြားတဲ့ မင်းသားမင်းသမီးတွေ မော်ဒယ်တွေ ရဲ့လောက က ခန္ဓာကိုယ်အလှတွေအပေါ်မှာသာ ဦးစားပေးပြောကြားလေ့ရှိတဲ့အတွက် ဒီလောကနဲ့ သတင်းတွေကိုနားမထောင်ပါနဲ့။

5. ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့

         ဘယ်သူမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်မတူကွဲပြားတဲ့အတွက် အခြားသူတွေကိုကြည့်ပြီး သူတို့ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ကိုယ့်ရဲ့မကြိုက်တဲ့အစိတ်အပိုင်းတွေကို လိုက်ပြီးနှိုင်းယှဉ်ကြည့်မနေသင့်ပါဘူး။ သူတို့မှာလည်း ပြည့်စုံမှုမရှိတဲ့အစိတ်အပိုင်းတွေရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့နှိုင်းယှဉ်ကြည့်နေတာတွေကိုရပ်ပြီး မိမိကိုယ်မိမိချစ်မြတ်နိုးပါ။

6. ကိုယ့်ရဲ့ ခန္ဓ္ဓာကိုယ်ကို ဂရုစိုက်ပါ

         ခန္ဓာကိုယ်တစ်ခုကိုသာပိုင်ဆိုင်တဲ့အတွက် မိမိပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကိုတန်ဖိုးထားပြီး ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်နေဘူးဆိုရင်တော့ ခန္ဓကိုယ်ကျန်းမာစေဖို့ အခုပဲ ပုံမှန်လေ့ကျင့်ခန်း စပြီးလုပ်လိုက်ပါ။ လေ့ကျင့်ခန်းများများလုပ်လေလေ ခန္ဓာကိုယ်ပိုပြီးကျန်းမာသန်စွမ်းလာပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရလေလေဖြစ်ပါတယ်။

7. ဘဝအတွက်ရည်ရွယ်ချက်အသစ်ရှာဖွေပါ

         ကိုယ့်ရဲ့အိပ်မက်တွေအနောက်ကိုလိုက်ပြီး မိမိနှစ်သက်တဲ့အရာတွေကိုလုပ်နေရတဲ့သူတွေမှာ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး တွေးတောစိတ်ပူနေဖို့အချိန်တောင်မရှိပါဘူး။ ဒါကြောင့် ဘဝမှာရည်ရွယ်ချက် အသစ်တစ်ခုရှာဖွေဖို့လိုအပ်ပါတယ်။ ဝါသနာပါတာတစ်ခုခုကို လုပ်ဆောင်ပါ။ အရည်အချင်းတစ်ခုရဖို့ အတွက်နောက်ထပ်လေ့လာမှုပြုပါ (သို့) စေတနာ့ဝန်ထမ်းအလုပ်တွေကို စပြီးလုပ်ဆောင်ကြည့်ပါ။ ဘဝအရည်အသွေးတွေတိုးတက်လာခြင်းဖြင့် စိတ်ကျေနပ်မှုရရှိစေပြီး ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး စိတ်ပူနေတဲ့အတွေးတွေပျောက်ကွယ်နိုင်ပါတယ။်

8. ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပါ

         ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်က အံသြဖွယ်ရာတွေပြည့်နှက်နေတဲ့အတွက် အထင်မသေးသင့်ပါဘူး။ ခန္ဓာကိုယ်ကြောင့် အသက်ရှူနိုင်တယ်၊ ရယ်မောနိုင်တယ်၊ အိပ်မက်တွေနောက်ကိုလိုက်နိုင်တယ် စတဲ့တန်ဖိုးမဖြတ်နိုင်တဲ့လုပ်ဆောင်ချက်တွေကိုတွေးကြည့်ပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ် အသွင်အပြင် အကြောင်းကိုတွေးမိတဲ့အခါတိုင်း ခန္ဓာကိုယ်ရဲ့အံ့မခန်းနိုင်တဲ့လုပ်ဆောင်ချက်တွေကို အာရုံစူးစိုက်ကြည့်လိုက်ပါ။

9. ကိုယ့်ကိုအရှိအတိုင်း ချစ်ခင်တဲ့လူတွေကိုသတိရပါ

         ကိုယ့်ကိုတကယ်ဂရုစိုက်ပြီးချစ်ခင်တဲ့သူတွေက ခန္ဓာကိုယ်မှာရှိတဲ့မှားယွင်းနေတယ်လို့ထင်တဲ့ အပိုင်းတွေကို ဂရုမစိုက်ကြပါဘူး။ ဘာကြောင့် စိုးရိမ်ပူပန်နေမလဲ၊ မိတ်ဆွေတွေ၊ မိသားစုတွေ က နှာခေါင်းဘယ်အရွယ်ရှိတယ်ဆိုတာနဲ့ ခန္ဓာကိုယ်ဘယ်လိုပုံစံရှိတယ်ဆိုတာကို မမူတည်ဘဲ အရှိကိုအရှိအတိုင်းပဲချစ်ခင်ကြတာပါ။

10. အချက်အလက်တွေကို ရင်ဆိုင်ပါ

          ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုရုပ်ရည်ပဲရှိရှိ ကိုယ့်ထက်ပိုပြီးပိန်တဲ့သူ၊ ခြေထောက်ပိုပြီးရှည်တဲ့သူ၊ ဆံပင်ပိုထူတဲ့သူရှိမှာ အမှန်ပါပဲ။ အားလုံးကတစ်ပုံစံတည်းဖြစ်နေမယ်ဆိုရင် ကမ်ဘာကြီးက ငြီးငွေ့ဖို့ကောင်းနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အခြားသူနဲ့မတူတဲ့အချက်တွေကိုတန်ဖိုးထားပြီး မိမိကိုယ်မိမိချစ်မြတ်နိုးပါ။

Dr. Mya Myo Myo Swe

www.drmyanmar.com