ကျန်းမာနေတာတောင် လှေကားတက်တိုင်း ဘာလို့မောတာလဲ
နေ့စဉ်အားကစားလုပ်နေသူတွေ မာရသွန်အပြေးသမားတွေတောင် လှေကားတက်ရင် နှစ်ဆင့်၊ သုံးဆင့်နဲ့တင် မောနေသေးသူတွေ ရှိပါသတဲ့။ ဒါဆိုရင် ကိုယ်တွေလိုလူတွေ မောတာလောက်ကတော့ အေးဆေးလို့ ဆိုနိုင်သေးတာပေါ့။
တကယ်တော့ လှေကားတက်တယ်ဆိုတာ နေ့စဉ်လေ့ကျင့်ခန်းမဟုတ်ဘဲ ခန္ဓာကိုယ်ကို နောက်ထပ်အလုပ်ပေးတဲ့ လုပ်ငန်းမို့ပါတဲ့။
လှေကားတက်တဲ့အခါ ကြွက်သားတွေကို အောက်ဆီဂျင်ကိုရအောင် အသက်ပိုရှူပေးရတာကနေ ဟောဟဲလိုက်လာတာ ဖြစ်ပါတယ်။ တချို့တွေက လေးငါးထစ်နဲ့ မောတယ်၊ တချို့ကျတော့ ဆယ်ထစ်ထိ အေးဆေး။ ဆယ့်တစ်ထစ်မှာ ပြဿနာစတယ်။
ဒီတော့ လှေကားတက်ရင်း မမောရအောင် ...
● မကြာခဏ လှေကားတက်ကျင့် လုပ်ကြည့်ပါတဲ့။ နေ့စဉ်အတက်အဆင်းကို လုပ်နေကျလူနဲ့ မလုပ်ဖြစ်တဲ့သူနဲ့ကတော့ သိသိသာသာ ကွာခြားမှုကတော့ ရှိနေမှာပါပဲ။
● လှေကားတက်လိုက်၊ နားလိုက်လုပ်ရင် ပိုမောတယ်ဆိုတာ မမှန်ပါဘူး။ မကြာခဏနားခြင်းဖြင့် ပိုပြီးခရီးရောက်ပါတယ်။ ကြွက်သားတွေကို လုံလောက်စွာ အနားပေးလိုက်၊ ထပ်တက်လိုက်လုပ်ရင် အဆင်ပြေပြေ မမောဘဲ ရှေ့ဆက်နိုင်ပြီပေါ့။
● ထိုင်ထလုပ်တာက အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ထိုင်ထ မကြာခဏလုပ်သူတွေဟာ ခြေထောက်ကို လှေကားတက်ဖို့ အသင့်အနေအထားရှိပြီး မမောကြပါဘူး။
● ဘောလုံးလေးပေါ် ခြေတစ်ဖက်တင်ပါ။ ခြေထောက်နှစ်ဖက်ကို တစ်လှည့်စီ ဘောလုံးလေးပေါ်ကို တင်လိုက်ပြန်ကြွလိုက် လုပ်ကြည့်နိုင်ပါတယ်။
● ခြေကားပြီး ဖြောင့်ဖြောင့်ရပ်ပါ။ လက်နှစ်ဖက်ကို စုထားပါ။ တစ်ဝက် ထိုင်လိုက်ထလိုက် ဖြေးဖြေး ကြိုးစားကြည့်ပါ။
● ခုံလေးပေါ်ကို ခြေတစ်ဖက်ကို တစ်လှည့်စီတင်ပြီး မြှောက်လိုက်၊ ခုန်လိုက် လုပ်ကြည့်ပါဦး။
တောင်တက်ချင်သူတွေ၊ လှေကားအတက်အဆင်း၊ အေးဆေးသာယာချင်သူတွေအတွက် ကိုယ်လုံးလည်းလှ အမောလည်း ခံနိုင်စေမယ့် ထိရောက်တဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























