ကျန်းမာရေးအတွက်အရေးကြီးတဲ့ သိုင်းရွိုက်
သိုင်းရွိုက််က ကျန်းမာရေးအတွက်အရေးကြီးတဲ့ အခန်းကဏ္႑ကပါဝင်တဲ့အတွက် သိုင်းရွိုက်ရောဂါ၊ သိုင်းရွိုက်ကင်ဆာနဲ့ အခြားသိုင်းရွိုက်ပြဿနာတွေကိုရှောင်ရှားနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့်အလေ့အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
သိုင်းရွိုက်ဆိုတာဘာလဲ?
သိုင်းရွိုက်ဆိုတာ လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံဂလင်းတစ်ခုဖြစ်ပြီး ဇီဝကမ္မဖြစ်စဉ်ကိုထိန်းချုပ်ပေးပါတယ်။
1. တက်ကြွလွန်းသော သိုင်းရွိုက်
ယေဘူယျအနေနဲ့ပြောရရင် တက်ကြွလွန်းတဲ့ သိုင်းရွိုက်ဂလင်း( Hyperthyroidism) တွေက စိတ်လှုပ်ရှားမှုများခြင်း၊ ချေွးထွက်လွန်ခြင်း၊ ပူခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနဲ့ အိပ်မပျော်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။
2. လှုပ်ရှားမှုနည်းသော သိုင်းရွိုက်
Hypothyroidism လို့ခေါ်တဲ့ သိုင်းရွိုက်မတက်ကြွတဲ့ရောဂါခံစားရရင် လေးလံထိုင်းမှိုင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အအေးဒဏ်မခံနိုင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေဖြစ်တတ်ပါတယ်။
နေ့စဉ်နေထိုင်မှုပုံစံတွေဖြစ်တဲ့ အစားအစာနဲ့ လှုပ်ရှားမှုတွေက သိုင်းရွိုက်ကျန်းမာရေးပေါ်မှာ အကျိုးသက်ရောက်မှုသိပ်မရှိပေမယ့် သိုင်းရွိုက်ကျန်းမာအောင်လုပ်နိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။
မျိုးရိုးထဲမှာ သိုင်းရွိုက်ရောဂါရှိ/မရှိ ဆန်းစစ်ပါ
မိသားစုထဲမှာ သိုင်းရွိုက်ရောဂါရှိတဲ့သူတွေမှာ ပိုပြီးဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် မိသားစုထဲမှာရောဂါဖြစ်တဲ့ရာဇဝင်ရှိတယ်ဆိုရင်တော့ သိုင်းရွိုက်ကို အမြဲစောင့်ကြည့်နေရပါမယ်။ ဆရာဝန်က လည်ပင်းကိုစမ်းသပ်ပြီး သိုင်းရွိုက်ဂလင်းကြီးခြင်း၊ အကျိတ်တွေရှိ/မရှိ စစ်ဆေးပါလိမ့်မယ်။
သွေးစစ်ပါ
မိသားစုထဲမှာ သိုင်းရွိုက်ရောဂါရာဇဝင်ရှိလို့ပဲဖြစ်ဖြစ်၊ သံသယဖြစ်စရာ လက္ခဏာတွေ့လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို သိုင်းရွိုက်ပြဿနာရှိနေပြီလို့ထင်ရင် ခန္ဓာကိုယ်စစ်ဆေးမှုအပြင် သွေးတွင်းမှာ သိုင်းရွိုက်ကိုလှုံ့ဆောသောဟော်မုန်း (TSH) ပမာဏကို သွေးစစ်ကြည့်လို့လည်းရပါတယ်။ TSH များခြင်းက သိုင်းရွိုက်ပမာဏနည်းခြင်းပြသပြီး TSH နည်းခြင်းက သိုင်းရွိုက်ပမာဏများတယ်လို့ ဆိုလိုပါတယ်။ ဒီအပေါ်မှာမူတည်ပြီးမှ ဆရာဝန်က ဆေးကုသမှုပေးပါလိမ့်မယ်။ သိုင်းရွိုက်နည်းတဲ့ရောဂါအတွက် သိုင်းရွိုက်များအောင် သိုင်းရွိုက်ဟော်မုန်းသောက်ဆေးသောက်နိုင်ပြီး သိုင်းရွိုက်များတဲ့ရောဂါ ဆိုရင်တော့ ဆေး၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကုထုံး၊ ခွဲစိတ်မှု စသည့်ကုထုံးအမျိုးမျိုးဖြင့် သိုင်းရွိုက်ထုတ်လုပ်မှုများခြင်းကို ပိတ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်များတွင် အိုင်အိုဒင်းဖြည့်စွက်စာများစားပေးပါ
သိုင်းရွိုက်ဂလင်းကျန်းမာစေဖို့အတွက် အိုင်အိုဒင်းဓာတ်လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အိုင်အိုဒင်းကို ဆား၊ ပေါင်မုန့်နဲ့ အခြားအစားအစာတွေကနေ ရရှိနိုင်သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ကလေးအတွက်ပါ ပိုပြီးလိုအပ်တဲ့အတွက် အိုင်အိုဒင်းလုံလောက်စွာရလေ့မရှိကြပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေမှာ အိုင်အိုဒင်းပါတဲ့ အားဆေးတွေသောက်ဖို့လိုအပ်ပါတယ်။
အိုင်အိုဒင်းအလွန်အကျွံမဖြစ်အောင်လည်း ဂရုပြုရပါမယ်
လူတိုင်းအတွက် သိုင်းရွိုက်ပြဿနာရှိတိုင်း အိုင်အိုဒင်းအများကြီးစားဖို့မလိုအပ်ပါဘူး။ အိုင်အိုဒင်းဓာတ် အရမ်းများသွားရင်လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အိုင်အိုဒင်း အလွန်အကျွံမစားမိဖို့လည်း သတိထားရပါမယ်။
ဂေါ်ဖီမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်တွေကို စားသုံးဖို့မကြောက်ပါနဲ့
လူအများစုက ကိုက်လန်၊ ဂေါ်ဖီထုပ်ကဲ့သို့သော ဟင်းသီးဟင်းရွက်တွေစားရင် လည်ပင်းကြီးရောဂါဖြစ် တတ်တယ်ဆိုပြီး အယူအဆမှားယွင်းနေကြပါတယ်။ ဒီလိုမဟုတ်ပါဘူး၊ အလွန်အကျွံအများကြီး စားသုံးမှဖြစ်တာပါ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို ရှောင်စရာမလိုပါဘူး။ ပုံမှန်အတိုင်းစားနိုင်ပါတယ်။
သိုင်းရွိုက်ဆေးတွေသောက်နေတယ်ဆိုရင် အမြဲဂရုစိုက်ပြီးစောင့်ကြည့်ပါ
သိုင်းရွိုက်ရောဂါရှိတယ်ဆိုရင် ဆေးသောက်ရုံနဲ့မပြီးပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း သေချာသောက်ရပါမယ်။ (ဥပမာ သံနဲ့ ကယ်ဆီယမ်ဓာတ်တွေက စုပ်ယူမှုကိုနှောင့်ယှက်တဲ့အတွက် ဗီတာမင်ဆေးတွေနဲ့တွဲမသောက်ပါနဲ့)။ ဆေးပမာဏကိုထိန်းညှိနိုင်ဖို့အတွက် သွေးတွင်းသိုင်းရွိုက်ပမာဏကို စစ်ဆေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတစ်နှစ်တစ်ကြိမ် ဆရာဝန်နဲ့ပြန်စစ်နေဖို့အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe






























