/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်လေးတွေကို-ဂရုစိုက်ပါ

ကျောက်ကပ်လေးတွေကို ဂရုစိုက်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကျောက်ကပ်တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ သွေးထဲမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတယ်။ ခန္ဓာကိုယ်ထဲက ပိုနေတဲ့အရည်တွေကို စွန့်ထုတ်ပေးတယ်။ ပြီးတော့ ဒါတွေကို ဆီးအဖြစ် ပြောင်းလဲပြီးတော့ ဆီးအိမ်ကနေတစ်ဆင့်အပြင်ကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်က ကိုယ့်အတွက် အလုပ်တွေ လုပ်ပေးနေသလောက် ကိုယ်ကရော ကျောက်ကပ်ကို သေချာဂရုစိုက်ရဲ့လား။ ကျောက်ကပ် ကျန်းမာဖို့အတွက်ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့နဲ့ ရေဓာတ် ပြည့်ဝအောင်နေဖို့ အရေးကြီးပါတယ်။ ပြီးတော့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသောက်ခြင်းကလည်း ရှောင်ကြဉ်ရပါမယ်။

          ကျောက်ကပ် (သို့) ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကို ဂရုမစိုက်ဘဲနဲ့ ပစ်ထားမယ်ဆိုရင် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ အထူးသဖြင့်တော့ သွေးတိုး၊ ဆီးချိုရောဂါရှိသူတွေ၊ မိသားစုထဲမှာ ကျောက်ကပ်ရောဂါရာဇဝင် ရှိသူတွေအနေနဲ့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါ ဆိုတာကတော့ ကျောက်ကပ်က သူလုပ်နိုင်သလောက် အပြည့်အဝ မလုပ်နိုင်တော့တဲ့အတွက် အဆိပ်တွေကိုလည်း စစ်ထုတ်မပေးနိုင်တော့ပါဘူး။ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို သိဖို့အတွက် GFR လို့ခေါ်တဲ့အရာကို သွေးစစ်ကြည့်လို့ရပါတယ်။ ပြီးတော့ ဆီးထဲမှာ protein ဓာတ် (အဖြူဖတ်၊ အနယ်၊ အမှုန်) တွေ ပါလာတာကလေည်း ကျောက်ကပ်ရောဂါရဲ့လက္ခဏာပါပဲ။

          ကျောက်ကပ်ရောဂါရဲ့ အစောပိုင်းအဆင့်တွေမှာ လက္ခဏာပြတာ ရှားတဲ့အတွက်ကြောင့် ဆီးစစ်၊ သွေးစစ်ကြည့်တာက အရေးကြီးပါတယ်။ ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေ 10% အောက် မရောက်သွားမချင်းမှာ ရောဂါလက္ခဏာတွေ မပြတတ်သေးပါဘူး။ ခြေထောက်နဲ့ ခြေကျင်းဝတ်တွေ ဖောရောင်လာတာ၊ အစာစားချင်စိတ်န ည်းလာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ အသက်ရှူမြန်လာတာ၊ ဆီးသွားတဲ့ပုံစံ ပြောင်းလာတာ၊ ပျို့တာ၊ အန်တာ၊ အာရုံစူးစိုက်ရ ခက်လာတာ စတဲ့ လက္ခဏာတွေ ကြုံလာရတဲ့အချိန်လည်းကျရော ကျောက်ကပ်က ပြင်းထန်တဲ့ပျက်စီးမှုအဆင့်ကို ရောက်နေပါပြီ။

          ကျောက်ကပ် ပျက်စီးသွားပြီဆိုရင်တော့ ရွေးချယ်စရာကုထုံးက ၂ မျိုးပဲ ရှိပါတော့တယ်။ ကျောက်ကပ် ဆေးမလား၊ ကျောက်ကပ် အစားထိုးမလား။ ဒါပေမဲ့လည်း နာတာရှည် ကျောက်ကပ်ရောဂါကို စောစောသိတယ်ဆိုရင် ရောဂါပိုဆိုးတာကို နှေးသွားအောင် ကာကွယ်လို့ရပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရတဲ့သူတွေကို ဆားနည်းနည်းပဲစားဖို့ (တစ်နေ့ကို ဆား 2300 mg ထက် လျှော့စား) ဖို့ အကြံပေးထားပါတယ်။ ပြီးတော့ သကြားနဲ့ အဆီစားသုံးမှုကိုလည်း လျှော့ချရပါမယ်။ ပိုဆိုးလာရင် ဖော့ဖရပ်စ်နဲ့ ပိုတက်ဆီယမ်ကိုလည်း လျှော့စားရပါမယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)