/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်လေးတွေ-ကျန်းမာဖို့-အလေးထား-ကာကွယ်စို့

ကျောက်ကပ်လေးတွေ ကျန်းမာဖို့ အလေးထား ကာကွယ်စို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အခုတလော ဆီးသွား နည်းလာတယ်။ ခါးလည်း နာတယ်။ မအီမသာလည်း ဖြစ်တယ် ...

          ဒါဆို ကျောက်ကပ် စစ်ဆေးကြည့်ပါလား။

          ကျောက်ကပ်ဟာ ကိုယ်ခန္ဓာအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းများတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျောက်ကပ်တွင် ရောဂါစတင်ဖြစ်ပေါ်ပါက အသက်ဆုံးရှုံးသည်အထိ ဒုက္ခပေးနိုင်တဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အောက်ပါအတိုင်း စောင့်ရှောက်သင့်ပါတယ်။

 

(၁)     အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်ခြင်းကို ရှောင်ပါ

          Ibuprofen, Paracetamol စသော အကိုက်အခဲပျောက်ဆေးများကို ပဲလှော်ဝါးသလို စားတတ်သူများအနေဖြင့် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်လို့ ဆင်ခြင်သင့်ပါတယ်။

 

(၂)     အချို့သော ပဋိဇီဝပိုးသတ်ဆေးများကို ဆင်ခြင်သောက်ပါ

          အချို့သောပိုးသတ်ဆေးများကို မကြာခဏသောက်ခြင်းဖြင့်လည်း ကျောက်ကပ်ကို ပျက်စီးစေတာ သတိချပ်သင့်ပါတယ်။ ဒါတွေကတော့ Penicillin, Sulfonamides, Cephalosporins စသော ပိုးသတ်ဆေးအုပ်စုများ ဖြစ်ပါတယ်။

 

(၃)     ဆေးဖက်ဝင် အားဖြည့်ဆေးများ

          အချို့သော အပင်ကရတဲ့ ဆေးဖက်ဝင်အားဖြည့်ဆေးများကို မြန်မာနိုင်ငံတွင် တော်တေ်ာများများ သောက်သုံးလာကြပါတယ်။ တကယ်တော့ ထိုဆေးအများစုဟာ ကျောက်ကပ်ဝေဒနာသည်များအတွက် မသင့်တော်သလို ကျောက်ကပ်ပျက်စီးခြင်းကို အားပေးတဲ့အတွက် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်။

 

(၄)     ကျန်းမာရေးနှင့် ညီညွတ်သောအစာများကို စားသုံးပါ

          သင် စားသောက်သမျှ အရာအားလုံးကို ကျောက်ကပ်ကနေတစ်ဆင့် စွွန့်ထုတ်ပေးတာမို့ မသန့်ရှင်းသောအစာများ၊ ဆိုးဆေးပါသောအစာများ၊ ဓာတုပစ္စည်းများပါသောအစာများ၊ ဆားနှင့်သကြား လွန်ကဲသောအစာများကို ရှောင်ကြဉ်သင့်ပါတယ်။ အစိိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် ကျန်းမာရေးအတွက် သင့်တော်သော အစားများကိုသာ စားသင့်ပါတယ်။

 

(၅)     ဆား လွန်ကဲစွာ မစားဖို့ သတိပြုပါ

          ဆားအစားများခြင်းဖြင့် ဆီးထဲမှာ ပရိုတင်းများများ ပါစေနိုင်ပါတယ်။ ထို့ပြင် ဆားအစားများခြင်းကြောင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်ပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

 

(၆)     ရေများများ သောက်ပေးပါ

          ရေသောက်ခြင်းက ကျောက်ကပ်ကို အာဟာရများ ဖြည့်စွမ်းပေးတဲ့အပြင် အညစ်အကြေးတွေကို ကောင်းစွာစွန့်ထုတ်ဖို့ အားပေးပါတယ်။ မကြာခဏ ရေဓာတ်နည်းပါက ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။ တစ်နေ့ကို ရေ ၆ ဖန်ခွက်မှ ၈ ဖန်ခွက်အထိ သောက်သုံးသင့်ပါတယ်။

 

(၇)     လေ့ကျင့်ခန်းလုပ်ပါ

          လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသော ဆီးချိုနဲ့ နှလုံးရောဂါများကို သက်သာစေပါတယ်။ တစ်နေ့ကို နာရီဝက်ကနေ တစ်နာရီခန့်နှုန်းဖြင့် တစ်ပတ် ၅ ရက် ပြုလုပ်သင့်ပါတယ်။ အလွန်ပြင်းသော လေ့ကျင့်ခန်းများကတော့ ကျောက်ကပ်ကိုတောင် ထိခိုက်နိုင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။

 

(၈)     စစ်ဆေးမှု ပြုလုပ်ပါ

          နှစ်စဉ် သို့မဟုတ် ခြောက်လတစ်ခါခန့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ ကျောက်ကပ်နဲ့ ပတ်သက်သော စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် ကျောက်ကပ်ပြဿနာများကို ကြိုတင်ကာကွယ်နိုင်တာပေါ့။

 

(၉)     အရက် လျှော့သောက်ပါ

          အရက်သောက်ခြင်းကြောင့် သွေးတိုးရောဂါ၊ အသည်းရောဂါအပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်တာမို့ လျှော့သောက်ခြင်း သို့မဟုတ် ရှောင်ခြင်း ပြုလုပ်သင့်ပါတယ်။

 

(၁၀)   ဆေးလိပ်ဖြတ်ပါ

          ဆေးလိပ်ကြောင့် ကျောက်ကပ်ကင်ဆာဖြစ်နိုင်တဲ့အပြင် ကျောက်ကပ်ဆီသို့ သွေးစီးဆင်းမှု နည်းပါးစေပါတယ်။ ထို့ပြင် သွေးတိုးခြင်းကိုပါ ဖြစ်စေနိုင်လို့ ကျောက်ကပ်ပျက်စီးရန် ရာနှုန်း များစေပါတယ်။

 

(၁၁)   ကျန်းမာရေးပြဿနာများကို အဖြေရှာပါ

          ကျောက်ကပ်ကို ပျက်စီးစေသည့် အဓိကရောဂါနှစ်ခုကတော့ သွေးတိုးနဲ့ဆီးချိုဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုး၊ ဆီးချိုရှိသူများအနေဖြင့် ဆေးပုံမှန်သောက်ခြင်းအပြင် အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် သွေးတိုး၊ဆီးချိုကို ပုံမှန် limit အတွင်း ထိန်းသိမ်းသင့်ပါတယ်။

          ကဲ ... ကျောက်ကပ် မပျက်စီးအောင် ကာကွယ်ရမယ့်နည်းလမ်းတွေက လွယ်လွယ်လေးတွေပဲ မဟုတ်လား။ ဒါကြောင့် ဒီနေ့ကစပြီး လိုက်နာကြည့်နော်။

လေပြေနုသွေး(ဆေး-၂) (www.drmyanmar.com)