/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်အကြောင်း-သိကောင်းစရာ

ကျောက်ကပ်အကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ကျောက်ကပ်ဆိုတာ နှလုံးတို့၊ အဆုတ်တို့လို ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူ့ရဲ့အဓိကအလုပ်ကတော့ ခန္ဓာကိုယ်ထဲက အညစ်အပတ် အဆိပ်အတောက်တွေကို ပယ်ထုတ်ပေးတာပါ။ လူအများစုမှာ နံရိုးအောက် ကျောရိုးမဘေး တစ်ဖက်တစ်ချက်မှာ ကျောက်ကပ် ၂ ဖက်ပါပါတယ်။ ပဲခြမ်းသဏ္ဌာန်ရှိပြီး နီညိုရောင်အဆင်း ရှိပါတယ်။ ကျောက်ကပ်တစ်လုံးစီဟာ လက်သီးတစ်ဆုပ်စာ အရွယ်အစားရှိပါတယ်။

>>    ကျောက်ကပ်ဆိုတာ ရေစစ်တစ်ခုပါ။
         ကျောက်ကပ်ရဲ့အဓိကအလုပ်က သွေးထဲက အညစ်အပတ်တွေကို စစ်ထုတ်ပြီး ‌ေသွေးသန့်သန့်လေးတွေကို ပြန်ထုတ်ပေးတာပါပဲ။ တစ်မိနစ်အတွင်းမှာ နှလုံးက ညှစ်ထုတ်လိုက်တဲ့သွေးရဲ့ ၅ ပုံ ၁ ပုံ၊ သွေးတစ်လီတာလောက်ဟာ ကျောက်ကပ်သွေးလွှတ်ကြောတွေကနေ ကျောက်ကပ်ထဲကို ဝင်ပါတယ်။ သွေးကို သန့်စင်ပြီးနောက်မှာ ကျောက်ကပ်သွေးပြန်ကြောနဲ့ ပြန်ထွက်သွားပါတယ်။
         ကျောက်ကပ်တစ်ခြမ်းစီမှာ nephron လို့ခေါ်တဲ့ ကျောက်ကပ်ရေစစ်သေးသေးလေး တစ်သန်းစီလောက် ပါပါတယ်။ ကျောက်ကပ်ရေစစ်တစ်ခုစီမှာ glomerulus လို့ခေါ်တဲ့ ခွက်ကလေးနဲ့ ဆက်ထားတဲ့ ပြွန်အသေးစားလေးတစ်ခုစီ ပါပါတယ်။ ဒီကျောက်ကပ်ရေစစ်ငယ်လေးတွေကနေ ဖြတ်သန်းသွားတဲ့သွေးတွေထဲက ရေတွေနဲ့ အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့ စစ်ထုတ်ပစ်ပါတယ်။ ကျန်တဲ့အရည်‌တွေကတော့ သွေးအဖြစ်နဲ့ ပြန်လည်လည်ပတ်ပါတယ်။
         ဆီးတွေဟာ ဆီးပိုက်ရှည်ကနေတစ်ဆင့် ဆီးအိမ်၊ ဒီကနေ ဆီးပိုက်တိုကတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ပစ်ပေးပါတယ်။ လူတစ်ယေက်ရဲ့ ကိုယ်ခန္ဓာအချိုးအစား၊ သောက်တဲ့အရည်ပမာဏ၊ အပူချိန်၊ လေ့ကျင့်ခန်းပမာဏတွေအပေါ် မူတည်ပြီး ကျောက်ကပ်ဟာ တစ်နေ့ကို ဆီး တစ်လီတာကနေ ၂ လီတာလောက်အထိ ထုတ်ပေးပါတယ်။
         ကျန်းမာနေတဲ့ သာမန်ကျောက်ကပ်တစ်လုံးဟာ သူ လုပ်နေကျထက်ကိုတောင် ပိုလုပ်နိုင်ပါသတဲ့။ ကျောက်ကပ်နှစ်ဖက်လုံး ကောင်းနေတယ်ဆိုရင် စတ်ဖက်စီဟာ ပုံမှန်ကျောက်ကပ်လုပ်ဆောင်ချက်ကို တစ်ဝက်စီခွဲ လုပ်ဆောင်ပါတယ်။ ကျောက်ကပ်တစ်ဖက် မရှိတော့တဲ့အခါ ကျန်တဲ့ကျောက်ကပ်တစ်ဖက်ဟာ ပိုကြီးလာပြီး ပုံမှန်ကျောက်ကပ်လုပ်ငန်းရဲ့ ၇၅% အထိကို လုပ်ဆောင်ပါတယ်။

>>    ကျောက်ကပ်ရဲ့ တခြားလုပ်ငန်းတွေကတော့
        သွေးကို အညစ်အကြေး စစ်ထုတ်ပေးတဲ့အပြင် ကျောက်ကပ်ဟာ -
●      သွေးပေါင်ချိန် ထိန်းညှိပေးတဲ့ဟော်မုန်း၊ သွေးနီဥ ထုတ်လုပ်ပေးတဲ့ဟော်မုန်း၊ အူကနေ ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှု ထိန်းညှိပေးတဲ့ဟော်မုန်း စတာတွေကိုလည်း ပြုလုပ်ထိန်းညှိပေးပါတယ်။
●      ခန္ဓာကိုယ် ကောင်းကောင်းအလုပ်လုပ်နိုင်အောင် အရည်ဓာတ်ပမာဏကို ထိန်းညှိပေးပါတယ်။
●      ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ ဆား၊ရေနဲ့တစ်ခြားဓာတ်သတ္တုပမာဏတွေကို ထိန်းညှိပေးပါတယ်။

>>    ကျောက်ကပ် အလုပ်လုပ်ပုံကို တိုင်းတာခြင်း
         ကျောက်ကပ် ဘယ်လောက်နှုန်းထားနဲ့ အလုပ်လုပ်နေတယ်ဆိုတာကို အတိအကျသိနိုင်ဖို့ ခက်ခဲပါတယ်။ ဒီလိုကျောက်ကပ်လုပ်ငန်းကို အကောင်းဆုံးတိုင်းတာနိုင်တာကတော့ ကျောက်ကပ်ရေစစ်စစ်နှုန်းလို့ခေါ်တဲ့ Glomerular filtration rate (GFR) ပါပဲ။ သင်္ချာဖော်မြူလာကို အသုံးပြုပြီး တွက်ချက်ပေးရမှာပါ။ ဒီဖော်မြူလာဟာ ခန္ဓာကိုယ်ထဲကအမှိုက်တွေ ကျောက်ကပ်ကနေ ဘယ်လောက်ထိ စွန့်ပစ်နေသလဲဆိုတာ သိရဖို့ creatinine ဆိုတဲ့ဓာတ်ကိုသုံးပြီး တွက်ချက်တာပါပဲ။ ကျောက်ကပ် ပျက်စီးမှု ရှိ၊ မရှိ သိနိုင်တာပေါ့။
        စစ်ထုတ်နိုင်စွမ်းအား ကောင်းလေလေ ကျောက်ကပ် ကောင်းကောင်းအလုပ်လုပ်နေလေပေါ့။ စစ်ထုတ်နိုင်စွမ်းအား GFRဟာ ပုံမှန်ဆိုရင် ၁၀၀ml/min/၁.၇၃m*2 ရှိပါတယ်။ ကျောက်ကပ်စွမ်းရည် ၁၀၀% ရှိပါတယ်လို့ ဆိုလို့ရတာပေါ့။ ဒီတွက်ချက်မှုပေါ် မူတည်ပြီးတော့ GFR ၅၀ml/min/၁.၇၃m*2 ရှိရင် ကျောက်ကပ်လုပ်အား ၅၀ ရာခိုင်နှုန်း၊ ၃၀ml/min/၁.၇၃m*2 ရှိရင် ကျောက်ကပ်လုပ်အား ၃၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုလိုပါတယ်။
        ကျောက်ကပ်လုပ်အားကို သိချင်လို့ သွေးစစ်ကြည့်လိုက်ရင် creatinine အဖြေအပြင် eGFR အဖြေကိုပါ တွက်ချက်ရမှာပါ။
       နာတာရှည်ကျောက်ကပ်ရောဂါ ရှိ၊ မရှိ သိနိုင်ဖို့ တခြားလက္ခဏာတွေကိုလည်း ကြည့်ဖို့ လိုအပ်ပါတယ်။
●     ဆီးထဲ ပရိုတင်း အသားဓာတ်ပါခြင်း
●     ဆီးထဲ သွေးပါခြင်း
●     သွေးပေါင်တက်ခြင်း
●     ဆီးချိုဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို ကြည့်ရမှာပါ။

      ကျောက်ကပ်ကလေး ကျန်းမာအောင် -
      လူတစ်ကိုယ်လုံး ကျန်းမာဖို့ဆိုရင် ကျောက်ကပ်ပါ ကျန်းမာမှဖြစ်မှာပါ။ ကျောက်ကပ်ရောဂါကို စောစောသိရင် စောစောကုသပြီး အသက်ပါ ကယ်နိုင်ပါတယ်။ ဆေးသောက်တာနဲ့ လူနေမှုပုံစံ ပြုပြင်တာတွေအပြင် ကျောက်ကပ်အထူးကုဆီကို စောစောစီးစီး လွှဲပေးတာက ကျောက်ကပ်ပျက်တာကို ကာကွယ်နိုင်၊ နှေးကွေးစေနိုင်ပါတယ်။
      ဒါကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ များနေတယ်ဆိုရင် ကျောက်ကပ်ကို မှန်မှန်စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)