ကျောက်ကပ် ပျက်စီးခြင်းကို ပြနေသော လက္ခဏာ (၅) မျိုး
သင့်ကျောက်ကပ်များဟာ သင့်ကျန်းမာရေးတွက် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းဆိုလျှင် မှားမယ် မထင်ပါဘူး။ ကိုယ်ခန္ဓာမှ အညစ်အကြေးများနှင့် ပိုလျှံသောအရည်များကို ကျောက်ကပ်ကနေတစ်ဆင့် စွန့်ပစ်ပေးပါတယ်။ ထို့ပြင် အခြားသော ကိုယ်အစိတ်အပိုင်းများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်လည်း ကူညီပေးပါသေးတယ်။
ကျောက်ကပ်က သူ့၏လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ မပြုလုပ်နိုင်တော့ပါက ကျောက်ကပ်ပျက်စီးခြင်း (renal failure) ဖြစ်ပေါ်နေပြီဟု သတ်မှတ်ပါတယ်။ အမေရိကန်လူမျိုး ၃၇ သန်းခန့်ဟာ ကျောက်ကပ်ပျက်စီးခြင်းကို ခံစားနေရပြီး အရွယ်ရောက်သူ ၁၀ ဦးအနက် ၉ ဦးမှာ သူ ကိုယ်တိုင်မသိပေမယ့် ကျောက်ကပ်ပျက်စီးခြင်းကို ခံစားနေရတယ်လို့ လေ့လာချက်များအရ သိရပါတယ်။
ကျောက်ကပ်ပျက်စီးခြင်းကို ပြနေသောလက္ခဏာများမှာ -
(၁) သွေးပေါင်တက်ခြင်း
ကျောက်ကပ်ကနေ ဟိုမုန်းများ ထုတ်ပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါသည်။ ထို့ကြောင့် ကျောက်ကပ်ပျက်စီးပါက သွေးပေါင်ချိန်များ တက်လာပါသည်။
(၂) ဆီးသွားခြင်းဆိုင်ရာ ပြောင်းလဲမှုများ
ကျောက်ကပ်ပျက်စီးနေသူတစ်ယောက်ဟာ ဆီးသွားကြိမ် နည်းလာနိုင်သလို လုံး၀ ဆီးမသွားတော့တာမျိုးလည်း ရှိပါတယ်။ ထို့ပြင် ကိုကာကိုလာ အရောင်ကဲသို့ ဆီးအရောင်ရင့်ခြင်း၊ ဆီးတွင် အမြှုပ်ထခြင်းတို့ပါ ဖြစ်ပေါ်လာတတ်ပါတယ်။
(၃) ဖောယောင်ခြင်း
ခြေထောက်များ၊ ကျောဘက်၊ မျက်နှာနှင့် မျက်ခွံများ ဖောယောင်လာမှာ ဖြစ်ပါတယ်။
(၄) ပိျု့အန်ခြင်း၊ အစာ စားလိုစိတ် မရှိခြင်း
ကျောက်ကပ်ပျက်စီးပါက တစ်ကိုယ်လုံးတွင် အဆိပ်အတောက်များ ပျံ့နှံ့နေမှာဖြစ်တာမို့ အစာအိမ်တွင်လည်း အဆိပ်များ စုပုံလာပြီး ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
(၅) ဦးနှောက်ရှုပ်ထွေးခြင်း
ကျောက်ကပ်ပျက်စီးခြင်းကြောင့် အဆိပ်အတောက်များကို ဆီးလမ်းကြောင်းကနေ မစွန့်ထုတ်နိုင်တော့ပါဘူး။ ထိုအခါ အဆိပ်အတောက်တွေဟာ ဦးနှောက်အပါအ၀င် တစ်ကိုယ်လုံးတွင် စုပုံလာတတ်ပါသည်။ ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါသည်။
>> ကျောက်ကပ်ပျက်စီးခြင်းက ဘယ်သူတွေမှာဖြစ်ဖို့ အလားအလာများသလဲ?
အဖြစ်များသော အုပ်စုနှစ်ခု ရှိပါသည်။ ပထမအုပ်စုမှာ သွေးတိုးရောဂါရှိသူများဖြစ်ပြီး ဒုတိယအုပ်စုကတော့ ဆီးချိုရောဂါရှိသူများ ဖြစ်ပါသည်။
အခြားသော ဖြစ်ပေါ်နိုင်သည့် အလားအလာရှိသူများမှာ -
● မိဘမျိုးရိုးတွင် ကျောက်ကပ်ရောဂါရှိသူ
● အကိုက်အခဲပျောက်ဆေးများနှင့် အစာအိမ်ဆေး Omeprazole စွဲသောက်သူများ
● ကျောက်ကပ်တွင် ထိခိုက်ဒဏ်ရာရထားသူများ
● ကင်ဆာဆေး သွင်းထားသူများ စသည်တို့ ဖြစ်ပါသည်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























