ကြုံရ ဆုံရဆရာဝန် ဘဝ
"အစ်မ လူနာလာတယ် "
လူနာတစ်ယောက် ကြည့်လို့မပြီးမီ နောက်လူနာထပ်ရောက် လာပြန်ပြီ။ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန မှာ ဤသို့ပင် စည်ကားနေမြဲ ဖြစ်သည်။ ဒီဌာနရောက်မှ ထိခိုက်ဒဏ်ရာရသော လူနာ ဒီလောက်များမှန်း သိလာသည်။
"လူနာက ဘာဖြစ်တာလဲ"
"မနေ့က ချော်လဲပြီး ခေါင်းထိသွားတယ် ဆရာမ ဒီနေ့ အန်လို့လာပြတာ " အမျိုးသား လူနာရဲ့ စကားမဆုံးခင် လူနာစောင့် အမျိုးသမီးက ဖြတ်ပြောလိုက်သည်။
" ဘာမှမဖြစ်ပါဘူး..
နှစ်ခေါက်လောက်လေး အန်တာကို ဆေးရုံမတက်ချင်ပါဘူး ဆို အတင်းတင်တယ် "
လူနာစောင့်နှင့် အပြိုင်ပြောဖို့ စိတ်မဝင်စားတော့ပဲ လူနာကိုသာ လိုအပ်တာ ဆက်မေးလိုက်သည်။
" ဦးလေး ခုဘယ်လိုနေလဲဲ မူးလား အန်တာဘယ်နှစ်ခေါက်လဲ " လိုအပ်တာကို သာ သေသေချာချာမေးပြီး မျက်စိသူငယ်အိမ်ကို စမ်းသပ်လိုက်သည်။
"အောင်မလေး ခေါင်းထိတာ ဒီလောက်တော့ မူးမှာပေါ့ လာနုနေသေးတယ်" ပြောသောအသံကို ကြားလိုက်ပေမယ့် သူမ မသိချင်ယောင်သာ ဆောင်နေလိုက်ရသည်။
မျက်စိ သူငယ်အိမ် တုန့်ပြန်မှုက ပုံမှန်မဟုတ် ။
"ကွန်ပြူတာ ဓာတ်မှန်တော့ ရိုက်ကြည့်ရလိမ့်မယ် " လိုရင်းကိုသာ ပြောပြီး ဓာတ်မှန်ရိုက်ဖို့ စီစဉ်ပေးလိုက်သည်။
" အစ်မ ကွန်ပြူတာ ဓာတ်မှန်ရပြီ "
အလုပ်သင်ဆရာဝန်လေး လာပေးသော CT ကို ကြည့်လိုက်တော့ ဦးနှောက်တွင်းမှာ သွေးခဲတာက သိသိသာသာ ။ သူမ အတွေ့အကြုံအရ ခွဲရမည်မှာ သေချာသည်။
ဒါပေမယ့် ကိုယ်ဆုံးဖြတ်လို့မရတော့ ခွဲခန်းထဲရှိ ဆရာတွေကို လှမ်းပြောရသေးသည်။
ခွဲခန်းမဝင်ခင်တည်းက လူနာကို စမ်းသပ်သွားပြီး ဖြစ်သော ဆရာက "အေး ခွဲဖို့ပြင်လိုက် " တဲ့။
ဒါဆို လူနာအိမ်ကို ရှင်းပြရမည်။
သူမနှင့် အတူ တာဝန်ကျတာက လုပ်သက် နှစ်နှစ်ရှိ ဆရာဝန်မလေး။
" ညီမ သွားရှင်းပြလိုက်မယ် "
ဆရာဝန်မလေးက ပြောပြောဆိုဆို ထထွက်သွားသည်။
ခဏနေတော့ မျက်နှာ စူပုတ်ကာ ပြန်ရောက်လာသည်။
" လက်မခံဘူး အစ်မ အကြီးနဲ့ပဲ ပြောမယ်တဲ့ "
ဆရာတွေအကုန် ခွဲခန်းထဲ မှာဆိုတော့ လက်ရှိမှာ သူမက အကြီးဆုံး ဖြစ်သည်။ လုပ်သက် ၅ နှစ်ကျော်ပြီ ဖြစ်ကာ ဒီဌာန ရောက်တာ လေးလ ဆိုတော့ သက်တမ်းအရင့်ဆုံး ။
"အေးပါ အစ်မ သွားရှင်းပြလိုက်မယ် "
လူနာနားသွားပြီး လူနာရော လူနာစောင့်ကိုပါ ရှင်းပြဖို့ ကြိုးစားရသည်။
"လူနာကလေ ဦးနှောက်ထဲမှာ သွေးခဲနေလို့ ခွဲစိတ်ဖို့လိုတယ်" သူမ ပြောလို့ မဆုံးမီ
" အဲ့တာဘယ်သူ ဆုံးဖြတ်တာလဲ ကျွန်မတို့ သဘောမတူဘူး လူကြီးနဲ့ပဲ စကားပြောချင်တယ် "
သူမကို ငုံ့ကြည့်ပြီး ပြောလိုက်သော စကားကြောင့် ဒေါသ ထွက်သွားကာ တခုခု ပြန်မပြောမိခင် လှည့်ထွက်လာလိုက်ရသည်။
ဦးနှောက် အကျိပ်ခွဲစိတ်နေသော ဆရာတွေက ခွဲခန်းထဲက မထွက်နိုင် ။ သူမတို့ ဘယ်လိုလုပ်ရမလဲ။ စောင့်နေလျှင်လဲ လူနာခွဲဖို့ နောက်ကျသွားနိုင်သည်။
"အစ်မ ကျွန်တော် သွားပြောကြည့်ရမလား "
အခုမှ အလုပ်သင်ဆင်းနေသော မောင်လေးက သူမတို့ကို မကြည့်ရက်စွာ ဝင်ပြောသည်။ အလုပ်သင် ဆရာဝန်လေးက ၆ပေ နီးပါးရှည်သော အရပ်နှင့် သူမတို့ထက်ပင် လူကြီးဆန်သေးသည်။
" အေးဟာ ပြောကြည့်လိုက် "
အပြင်ထွက်သွားပြီးနောက် ခဏအကြာမှာ အလုပ်သင်ဆရာဝန်လေး ပြုံးစိစိ ဖြင့်ဝင်လာသည်။
"ခွဲမယ် သဘောတူတယ်တဲ့ အစ်မ "
" ဟေ ... နင်တော်လှချည်လား "
ခုမှပင် ခွဲစိတ်ဖို့ လိုအပ်တာ အကုန် ပြင်ဆင်ရတော့သည်။ သဘောတူကြောင်း လက်မှတ်သွားထိုးပြီး လှည့်ထွက်လာခိုက်မှာ လူနာစောင့် ပြောသံကို ကြားလိုက်ရသည်
"အခုလို ဆရာဝန်ကြီး ကိုယ်တိုင်လာရှင်းပြတော့ မှားစရာ မရှိဘူးလေ " တဲ့
ဆရာဝန် တစ်ယောက်ရဲ့ အရည်အချင်းကို အရပ်နဲ့ ဆုံးဖြတ်မှန်း ငါမသိလိုက်ပါလားနော်..
Khin Cho






























