ကြောက်စရာ ရာသီတုပ်ကွေးကို ကာကွယ်ကြပါစို့ …
ရာသီတုပ်ကွေး တစ်ခေတ် ပြန်ထလာပြန်ပါပြီနော်။ အသက်အန္တရာယ် စိုးရိမ်ရသည်အထိကို ဆိုးလှတဲ့ ရာသီတုပ်ကွေးကို ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးပ့ါမယ်။
လတ်တလောမှာဆိုရင် ပြင်းထန် ရာသီတုပ်ကွေး ကူးစက်ခံရသူ ၁၄ ယောက်နဲ့ သေဆုံးသူ ၅ ယောက်အထိ ရှိလာပြီလို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖော်ပြထားပါတယ်နော်။ ရာသီတုပ်ကွေးဖြစ်တဲ့ H1N1 ဟာ မူလက ဝက်မှာဖြစ်တတ်တဲ့ တုပ်ကွေးရောဂါပိုးတစ်မျိုးဖြစ်ပြီး သာမန်တုပ်ကွေးလိုပဲ ဖျားနာတာ၊ ချမ်းတုန်တာ၊ လည်ချောင်းနာတာ၊ နှာရည်ယို၊ နှာစေးတာတွေ ဖြစ်တတ်ပါတယ်။ ဝက်တုပ်ကွေးဆိုပေမယ့် အခုဆိုရင်တော့ လူလူချင်း ကူးစက်တဲ့ရောဂါတစ်မျိုး ဖြစ်လို့နေပါပြီ။ နှစ်စဉ်နှစ်တိုင်းလည်း တစ်ကမ်ဘာလုံးကို ပျံ့နှံ့လေ့ရှိတဲ့ တုပ်ကွေးတစ်မျိုး ဖြစ်လာပါတယ်။
>> ရာသီတုပ်ကွေး ဘယ်လိုကူးစက်တတ်သလဲ?
ရာသီတုပ်ကွေးဟာ အရမ်းကူးစက်လွယ်ပြီး တံတွေးစတွေ၊ အချွဲတွေကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ သာမန်တုပ်ကွေးလိုပဲ။
1. လေထဲမှာ ပျံ့လွင့်နေတဲ့ တုပ်ကွေးပိုးပါတဲ့ အမှုန့်အမွားလေးတွေကို ရှူရှိုက်မိကနေ ကူးစက်နိုင်ပါတယ်။ တုပ်ကွေးဖြစ်နေသူတစ်ယောက် ချောင်းဆိုး၊ နှာချေလိုက်ချိန်မှာ ပိုးပါတဲ့ အမှုန်အမွှားလေးတွေဟာ လေထဲ ပျံ့လွင့်သွားတတ်တာပေါ့။
2. ပိုးရှိနေတဲ့မျက်နှာပြင်တွေ၊ ဝတၳုပစ္စည်းတွေကို ထိတွေ့မိပြီးနောက် လက်မဆေးဘဲ မျက်လုံးတွေ၊ နှာခေါင်းတွေကို ကိုင်မိတာကနေလည်း ကူးစက်နိုင်ပါတယ်။
နှစ်စဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်းက အကောင်းဆုံး ကာကွယ်နည်းဖြစ်သလို ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသုံးတာ၊ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်နေထိုင်တာ၊ ဖျားနာနေသူတွေ၊ လူထူထပ်တဲ့နေရာတွေကို ဝေးဝေးရှောင်တာ အရာ၀တၳုတွေကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးတာ စတဲ့ နည်းလမ်းတွေကလည်း တုပ်ကွေးထနေချိန်မှာ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေပါပဲနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























