/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြံရည်ချိုချိုလေး-သောက်ပြီး-အပူဒဏ်ကို-ကာကွယ်ကြမယ်

ကြံရည်ချိုချိုလေး သောက်ပြီး အပူဒဏ်ကို ကာကွယ်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပူပြင်းခြောက်သွေ့တဲ့ နွေဥတုကို တစ်ဖန် ရောက်ရှိလာပြန်ပါပြီ။ ဒီလို တစ်ဆထက်တစ်ဆ ပိုမိုပူပြင်းလာတဲ့ နွေအပူဒဏ်ကို ကြံကြံခံနိုင်ဖို့ နည်းလမ်းကောင်းတစ်ခု ရှိနေပါတယ်။ ဒီနည်းလမ်းကောင်းကတော့ ကြံရည်ပဲ ဖြစ်ပါတယ်။

          ကြံရည်ဟာ ခန္ဓာကိုယ်ကို အေးမြစေနိုင်စွမ်းရှိတဲ့ ချိုမြမြအရည်တစ်မျိုး ဖြစ်တာကြောင့် ဆီးပူခြင်းကို သက်သာစေနိုင်ပါတယ်။ အပူဒဏ်ကြောင့် နှာခေါင်းသွေး လျှံတဲ့အခါမှာလည်း ကြံရည်ကို ချက်ချင်း သောက်သုံးပေးနိုင်ပါတယ်။ ကြံရည်ကို ကြိတ်ပြီး အပြင်မှာ ကြာကြာမထားဘဲ ချက်ချင်းသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။

          ပူပြင်းတဲ့နွေရာသီမှာ ကြံရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် အောက်ပါအကျိုးထူးတွေ ခံစားရနိုင်ပါတယ်။

          ကြံရည်ဟာ မလိုလားအပ်တဲ့ အမှိုက်သရိုက်တွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးစေနိုင်တာကြောင့် ဆီးရောင် ကြည်လင်သန့်စင်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အရည်ဓာတ်ကိုလည်း ပြည့်ဝစေနိုင်တာကြောင့် ဆီးရွှင်စေနိုင်ပါသေးတယ်။ ဒါကြောင့် အသားအရေကို ကြည်လင်တောက်ပစေနိုင်သလို ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်စေနိုင်စွမ်း ရှိပါတယ်။

          ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမှာ လူအတော်များများ ခံစားရတတ်တဲ့ ဝေဒနာတစ်ခုကတော့ နှာခေါင်းအတွင်းပိုင်းရှိ သွေးကြောတွေ ပွင့်ထွက်ပြီး နှာခေါင်းသွေးလျှံခြင်းပဲ ဖြစ်ပါတယ်။ နှာခေါင်းသွေးဟာ ရုတ်တရက် လျှံလာတတ်ပြီး သူ့အလိုလိုပဲ ပြန်ရပ်သွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကြံရည်သောက်ပေးခြင်းက သက်သာစေနိုင်ပါတယ်။ ကြံရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရေဓာတ် ဖြည့်တင်းပေးနိုင်ပြီး ခန္ဓာကိုယ်ကို အေးမြလန်းဆန်းစေနိုင်ပါတယ်။

          ကြံရည်ရဲ့ နောက်ထပ် အံ့သြဖွယ်ကောင်းတဲ့အချက်ကတော့ အသားဝါခြင်းကို ပိန်းကြာရွက်တွင် ရေမတင် ဆိုသလို ပျောက်ကင်းစေနိုင်ပါတယ်။ အသားဝါတဲ့အခါ လိုအပ်တဲ့ ကုသမှုတွေပဲ ပေးရပြီး ချက်ချင်း ပျောက်ကင်းစေနိုင်တဲ့ဆေး မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကြံရည် သောက်သုံးပေးခြင်းက သဘာဝအတိုင်း အနာကျက်စေနိုင်ပြီး အသည်းအရောင် ကျအောင် ကူညီထောက်ပံ့ပေးပါတယ်။

          ကြံရည် ညှစ်ပြီးရင် သိမ်းမထားဘဲ ချက်ချင်းသောက်ပေးပါ။

          ကြံရည် ညှစ်ပြီးသားကို ဒီအတိုင်း လေသလပ်ပြီး အပြင်မှာ အကြာကြီး မထားသင့်ပါဘူး။ ညှစ်ညှစ်ပြီးချင်း လတ်လတ်ဆတ်ဆတ် သောက်ပေးသင့်ပါတယ်။

          ဒါကြောင့် ပူပြင်းတဲ့နွေရာသီမှာ ဆီးရွှင်ပြီး အေးမြလန်းဆန်းစေဖို့ ကြံရည်ကို ပုံမှန်သောက်သုံးပေးနိုင်ပါကြောင်း သတင်းကောင်းပါးရင်း နွေအပူကို ကြံကြံခံနိုင်ကြပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)