ကြွက်တက်တယ်ဆိုတာ ...
ကြွက်တက်တယ်ဆိုတာ အာရုံကြောနဲ့ ကြွက်သားတွေ အလွန်အကျွံ လှုံ့ဆော်မှုကြောင့် ဖြစ်တတ်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။
ကြွက်တက်ခြင်း ဆိုတာဟာ ရောဂါလက္ခဏာတစ်ရပ်မျှသာ ဖြစ်ပါတယ်။ လက္ခဏာတစ်ရပ် ဖြစ်တဲ့အတွက် ဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှာရခက်တတ်ပါတယ်။ ထိထိရောက်ရောက် ကုသနည်းတွေ အများကြီးရှိပေမယ့် အကြောင်းရင်းကို ရှာဖွေဖို့က ပိုအရေးကြီးပါတယ်။
>> ဘယ်လိုဖြစ်တတ်သလဲ?
အလွန်အကျွံ လှုံ့ဆော်ခံရတဲ့ အာရုံကြောကြောင့် ခြေတွေလက်တွေမှာ ထိန်းချုပ်မရ ကြွက်သားတွေ ညှစ်လာပြီး ကြွက်တက်လာပါတယ်။ တစ်ကိုယ်လုံးမှာဖြစ်နိုင်ပြီး အသံအိုးတွေ ထိရောက်လာခ့ဲရင် အသက်ရှူပြဿနာတွေထိ ဖြစ်လာနိုင်ပါတယ်။
ပြင်းထန်အဆင့်မှာ -
● ပျို့အန်ခြင်း
● တက်ခြင်း
● အလွန်အမင်း နာကျင်ခြင်း
● နှလုံးပျက်ယွင်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
>> ဘာတွေကြောင့် ဖြစ်နိုင်သလဲ?
ကြွက်တက်တာဟာ သွေးတွင်းဓာတ်ပစ္စည်းတွေ မညီမမျှတာကြောင့် ဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် ကယ်လ်ဆီယမ်ဓာတ် လျော့နည်းမှုကြောင့် ဖြစ်နိုင်ပြီး မဂ္ဂနီဆီယမ်ချို့တဲ့မှုနဲ့ ပိုတက်ဆီယမ်ဓာတ် အလွန်နည်းပါးနေသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အက်ဆစ်ဓာတ် အလွန်များပြားတာ၊ အယ်လ်ကာလီ အလွန်နည်းပါးတာကြောင့်လည်း ကြွက်တက်နိုင်ပါသေးတယ်။ ဒါကြောင့့် ဒီဓာတ်တွေ မမျှမတဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ လိုလာပါတယ်။
ဥပမာအားဖြင့် Parathyroid ဟော်မုန်း မလုံလောက်တဲ့ Hypoparathyroidism ရောဂါမှာ ကယ်လ်ဆီယမ်ဓာတ် လျော့နည်းနိုင်တာကြောင့် ကြွက်တက်နိုင်ပါတယ်။
တစ်ခါတစ်ရံ ကျောက်ကပ် အားနည်းခြင်းတွေ၊ ပန်ကရိယ မုန့်ချိုအိတ်ပြဿနာတွေကြောင့်လည်း ကိုယ်တွင်း ကယ်လ်ဆီယမ်ဓာတ်တွေ မညီမမျှ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ဓာတ် အလွန်နည်းပါးပြီး ကြွက်တက်လာနိုင်ပါတယ်။ သွေးတွင်းအသားဓာတ် လျော့နည်းခြင်း၊ ပိုးအဆိပ်တက်ပြီး ရှော့ရခြင်းနဲ့ အချို့သွေးသွင်းရတဲ့သူတွေမှာလည်း ကယ်လ်ဆီယမ်ဓာတ် မမျှတတာမျိုး ဖြစ်နိုင်ပါသေးတယ်။
တစ်ခါတစ်ရံ အဆိပ်ဓာတ်တွေကလညး် ကြွက်တက်စေနိုင်ပါတယ်။ ဥပမာအားဖြင့် သိုးနေတဲ့ အစားအသောက်တွေမှာပါတဲ့ Botulinum အဆိပ်နဲ့ မြေကြီးထဲက အဆိပ်ဓာတ်ဟာ ပြတ်ရာရှရာတွေကတစ်ဆင့် ကိုယ်ခန္ဓာထဲ ဝင်တဲ့အခါမျိုးမှာ ကြွက်တက်နိုင်ပါတယ်။
>> ဘယ်လိုကုသမလဲ?
ဆရာဝန်က ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုကုသမယ်ဆိုတာတွေကို ပြောပြပါလိမ့်မယ်။
လတ်တလောမှာတော့ ဥပမာအားဖြင့် ကယ်လ်ဆီယမ်ဓာတ် သို့မဟုတ် မဂ္ဂနီဆီယမ်ဓာတ် ဖြည့်စွက်ခြင်း စသည်ဖြင့် ဓာတ်မညီမျှခြင်းကို အဓိက ကုသသင့်ပါတယ်။ သွေးထဲ ကယ်လ်ဆီယမ် တိုက်ရိုက်ထိုးသွင်းတာမျိုး ပြုလုပ်လေ့ရှိပါတယ်။ နောက်ပိုင်းမှာ ပြန်မဖြစ်အောင် ကယ်လ်ဆီယမ်နဲ့ (ဗီတာမင်ဒီ တွဲဖက်) သောက်သုံးတာမျိုး လုပ်နိုင်ပါတယ်။
ကြွက်တက်ရတဲ့ အကြောင်းရင်းကို ရှာတွေ့တာနဲ့ လိုအပ်တဲ့ကုသမှုတွေ ပြုလုပ်ရပါတော့မယ်။ ဥပမာ - parathyroid ဂလင်းမှာ အကြိတ်တွေ့ခဲ့ရင် ခွဲစိတ်ဖယ်ရှားရပါလိမ့်မယ်။
ကျောက်ကပ် ပျက်စီးတာလိုမျိုး တချို့ရောဂါတွေမှာတော့ ကြွက်တက်တာကို ကာကွယ်ဖို့ ကယ်လ်ဆီယမ် ဖြည့်စွက်စာတွေ ဆက်သောက်ဖို့ လိုအပ်လာနိုင်ပါတယ်။
>> နိဂုံးချုပ်
အခြားပြင်းထန်ရောဂါတွေလိုပဲ စောစောသိ စောစောကုခြင်းက ကြွက်တက်ခြင်းတွေကို အများကြီး အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ပိုပြီးဆိုးရွားတဲ့ အတက်ပြဿနာ၊ နှလုံးပြဿနာတွေ မဖြစ်လာခင်ကတည်းက ဓာတ်ပစ္စည်း မညီမျှခြင်းတွေကို စောစောစီးစီး ကုသနိုင်ခဲ့ရင် အကောင်းဆုံး ဖြစ်ပါတယ်။
ကြွက်တက်နေသူတွေမှာ ကယ်လ်ဆီယမ် ဖြည့်စွက်စာ စားရုံနဲ့ မလုံလောက်ဘဲ ဆရာဝန်နဲ့ ပြသတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























