ကြွက်တက်တာကို ဘယ်လိုကာကွယ်ကြမလဲ
အများစုကတော့ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တော့ ကြွက်တက်ဖူးကြမယ် ထင်ပါတယ်။ ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သားတွေက အရမ်းညှစ်လိုက်လို့ နာကျင်မှုကို ခံစားရတာပါ။ ညဘက် အိပ်နေချိန်တွေမှာ အဖြစ်များပြီးတော့ ခြေသလုံးကြွက်သား ကြွက်တက်တာ အဖြစ်များပါတယ်။ တစ်ခါတလေတော့လည်း ပေါင်နဲ့ ခြေဖဝါးကြွက်သားတွေ တက်တတ်ပါတယ်။ ကြွက်တက်တဲ့အချိန်မှာဆိုရင် ဒီကြွက်သားတွေက အရမ်းမာပြီး တက်လာတာကို ခံစားရပါမယ်။
>> ကြွက်တက်တာကို ဘယ်လို ကာကွယ်ကြမလဲ
● ခြေသလုံးကြွက်သား အကြောဆန့်တဲ့ လေ့ကျင့်ခန်း
ညအိပ်ရာမဝင်ခင်မှာ ခြေသလုံးကြွက်သား ဆန့်ပေးတဲ့လေ့ကျင့်ခန်းကို အကြိမ်များစွာ လုပ်ပေးခြင်းဖြင့် ညဘက်တွေမှာ ကြွက်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီလေ့ကျင့်ခန်းက ကြွက်တက်တာကို ကာကွယ်နိုင်တယ်ဆိုပြီး သက်သေပြထားတာကတော့ နည်းပါတယ်။
● အိပ်ရာပေါ်မှာ အိပ်ရာခင်း (သို့) စောင်ခင်းပြီးတော့ ခြေထောက်ကွေးပြီး အိပ်တာကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
● မဂ္ဂနီဆီယမ်ဆေးပြား (သို့) ဗီတာမင် B ဆေးပြား တွေကလည်း လေ့ကျင့်ခန်းကြောင့် ကြွက်တက်တာ အပါအဝင် ကြွက်တက်တာတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ အကျိုးသက်ရောက်မှုတွေကို သေချာသုတေသနလုပ်ဖို့တော့ လိုပါသေးတယ်။
● ရောဂါတစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့လည်း အဲဒီရောဂါကို ကုလိုက်ရင် ကြွက်တက်တာလည်း ပျောက်သွားပါလိမ့်မယ်။ သောက်နေတဲ့ဆေးရဲ့ ဆိုးကျိုးအနေနဲ့ ကြွက်တက်တယ်လို့ ထင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆေးပြောင်းသောက်ပါ။
● ကိုယ်ဝန်ဆောင်နဲ့ သက်ဆိုင်တဲ့ ကြွက်တက်ခြင်းတွေကို ကာကွယ်ခြင်း - အများအားဖြင့် ညဘက်တွေမှာ ကြွက်တက်တာ များတဲ့အတွက်ကြောင့် အိပ်ရာမဝင်ခင်မှာ ခြေထောက်ကြွက်သားတွေကို ဆန့်ထုတ်ပေးပါ။ ပြီးတော့ နေ့ဘက်တွေမှာ ရေဓာတ်ပြည့်ဝနေအောင် သောက်ထားပါ။
● လေ့ကျင့်ခန်းကြောင့် ကြွက်တက်တာကို ကာကွယ်ခြင်း - အားကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်းတွေကြောင့် ကြွက်တက်တာကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့အရည်ဓာတ်ကို လုံလောက်စွာ သောက်သုံးဖို့ အရေးကြီးပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ လိုအပ်တဲ့ ကစီဓာတ်ကို အလုံအလောက် စားထားမှသာ ကြွက်သားတွေ ပင်ပန်းနွမ်းနယ်လို့ ကြွက်တက်တာ မဖြစ်ရအောင် ကာကွယ်နိုင်မှာပါ။
● လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်ပြီးအချိန်တွေမှာ အကြောဆန့်ပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီး နှိပ်နယ်ပေးခြင်း၊ အနားယူခြင်းတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း လုံလောက်တဲ့ အရည်ဓာတ်ကို ရရှိနိုင်စေဖို့အတွက် အားဖြည့်အချိုရည် သောက်ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























