ကြွက်နို့၊ အသားမာ တက်တဲ့အခါ
ကြွက်နို့၊ အသားမာဆိုတာ အရေပြား အပေါ်ယံလွှာ ထူလာလို့ ဖြစ်တာပါ။ ဒီအလွှာကို Keratin layer လို့ခေါ်တယ်။
အသားမာဆိုတာ ကြွက်နို့ထက် ပိုထူပြီး ခြေဖဝါးတွေ၊ ခြေဖနောင့်တွေ၊ ခြေမနဲ့ ခြေသူကြွယ်အောက်လိုမျိုး ဖိအားများတဲ့နေရာတွေမှာ အတွေ့များတယ်။
ကြွက်နို့ဆိုတာကတော့ ပိုသေးပြီး အလည်မှာ အလည်ဆံလေးကို တွေ့ရတတ်တယ်။ ပွတ်တိုက်မှုများတဲ့ ခြေသန်းထိပ်လေးတွေမှာ အတွေ့များတယ်။ တစ်ခါတလေ ခြေချောင်းကြားတွေထဲလည်း တွေ့ရတတ်ပါတယ်။
>> ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ -
● ပွတ်တိုက်မှု များတဲ့နေရာတွေမှာ အတွေ့များတယ်။
● များသောအားဖြင့် ဖိနပ်ကောင်းကောင်း မတော်လို့၊ ခြေထောက်ပုံသဏ္ဌာန် မမှန်လို့ ဖြစ်တတ်တယ်။
● ပွတ်တိုက်မှုများတဲ့ တခြားနေရာတွေမှာလည်း ဖြစ်နိုင်တယ်။
>> နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
ခြေဖဝါးနာရတဲ့ အကြောင်းရင်းတွေထဲမှာ ခြေထောက် အသားမာနဲ့ ကြွက်နို့တွေက ထိပ်ဆုံးက ပါ,ပါတယ်။ လမ်းလျှောက်ရတာ ခက်ခဲစေတတ်တယ်။ လေ့ကျင့်ခန်းလည်း မှန်မှန်မလုပ်နိုင်ကြတော့ဘူး။
>> အသားမာနဲ့ ကြွက်နို့တွေကို ကုသဖို့ဆိုရင် -
အရေပြား အမာလွှာကို မှန်မှန်ဖယ်ရှားဖို့ လိုတယ်။ ဘလိတ်ဓား ထက်ထက်သန့်သန့်နဲ့ပေါ့။ ဆရာဝန် ဒါမှမဟုတ် ခြေထောက် အလှအပပညာရှင်နဲ့ လုပ်တာ ပိုကောင်းပါတယ်။ ကိုယ့်ဟာကိုယ်ပဲ လုပ်ချင်တယ် ဆိုရင်တော့ ကြေးတွန်းကျောက်တုံးနဲ့ လုပ်ပေးပါ။ အသားမာ ပျော့သွားအောင် လုပ်လို့ရတဲ့နည်းတွေ အများကြီး ရှိတယ်။ ကြွက်နို့ ပလာစတာတွေမှာပါတဲ့ စလီစလစ်အက်ဆစ် Salicylc acid က တစ်ခု အပါအဝင်ပါ။
>> မဖြစ်အောင် ကာကွယ်ကြမယ်
အလွယ်တကူ ပျောက်အောင်လုပ်လို့ရပေမယ့် မတော်တဲ့ဖိနပ်တွေ စီးတုန်းဆိုရင်တော့ ဖြစ်စေတဲ့ အကြောင်းရင်းကို မပြင်မချင်း ထပ်ခါထပ်ခါ ဖြစ်နေဦးမှာပါပဲ။
>> ဘယ်အချိန်မှာ ဆရာဝန်၊ ခြေထောက်အလှပြုပြင်သူတွေနဲ့ တွေ့ဖို့လိုမလဲ?
● ဆီးချိုရှိသူတွေမှာ အသားမာတွေ၊ ကြွက်နို့တွေကို ကိုယ်ထင်ရာ လျှောက်မလုပ်ပါနဲ့။ ဆရာဝန်နဲ့ ပြပါ။
● ရောင်ရမ်းလာရင်လည်း ဆရာဝန်နဲ့ပြပါ။
● သွေးလည်ပတ်မှု မကောင်းရင်လည်း ဆရာဝန်နဲ့ပြပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























