ကွန်ပျူတာအကြည့်များပြီး မျက်လုံးတွေ ညောင်းတာကို သက်သာစေဖို့ ...
ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့သူတွေမှာ မျက်လုံးတွေညောင်းတာ၊ အမြင်အာရုံတွေဝါးတာ၊ မျက်လုံးတွေ နီတာနဲ့ တခြားမျက်လုံးပြဿနာတွေ အဖြစ်များပါတယ်။ ဒါက ကွန်ပျူတာကြည့်တဲ့အချိန်မှာ မျက်လုံး အားစိုက်ရတာ အရမ်းများလို့ပါ။
အသက် ၄၀ အောက်တွေမှာ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတုန်း မျက်လုံးတွေ ညောင်းတာ (သို့) အမြင်အာရုံတွေ ဝေဝါးတာတွေ ဖြစ်ရတာက ကွန်ပျူတာစခရင်ပေါ်မှာ အမြင်အာရုံကို စူးစိုက်ထားဖို့ မတတ်နိုင်လို့ (သို့) ကွန်ပျူတာဖန်သားပြင်နဲ့ ကီးဘုတ်ကြားမှာ ဟိုကြည့်ဒီကြည့်ပြောင်းပြီး အာရုံစိုက်ရာမှာ ခက်ခဲလို့ ဖြစ်နိုင်ပါတယ်။
အသက် ၄၀ အထက်လူကြီးတွေမှာတော့ ပုံမှန်အသက်ကြီးလာလို့ ဖြစ်တတ်တဲ့ အနီးအမြင်အာရုံ စူးစိုက်နိုင်စွမ်း ဆုံးရှုံးလာတာနဲ့ ဆက်စပ်နေနိုင်ပါတယ်။
ဒီတော့ ဘာလုပ်ကြမလဲ။ အရင်ဆုံးအနေနဲ့ တခြားမျက်လုံးပြဿနာတွေ ရှိ/မရှိ၊ မျက်မှန်ပါဝါ တိုးဖို့ လို/မလိုဆိုတာ သေချာသိဖို့အတွက် မျက်စိဆရာဝန်နဲ့ပြပြီး သေချာစစ်ဆေးဖို့ လိုပါတယ်။
မျက်မှန်ပါဝါကလည်း မှန်တယ်၊ (သို့) မျက်မှန်တပ်ဖို့ မလိုဘူး ဒါပေမဲ့ ကွန်ပျူတာနဲ့ အလုပ်လုပ်ရင် မျက်လုံးက ဘယ်လိုမှ နေလို့မကောင်းဘူး ဆိုရင်တော့ ကွန်ပျူတာသုံးရင်တပ်တဲ့ မျက်မှန် ဝယ်တပ်ဖို့စဉ်းစားပါ။ ဒီမျက်မှန်တွေက မျက်လုံးညောင်းတာကို သက်သာစေပြီးတော့ ကွန်ပျူတာကြည့်တဲ့အချိန်မှာ သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။
>> ကွန်ပျူတာသုံးရင်တပ်တဲ့မျက်မှန် ဘာလို့တပ်ဖို့ လိုတာလဲ? (Computer glasses)
ဒီမျက်မှန်က ပုံမှန်မျက်မှန်၊ စာကြည့်မျက်မှန်တွေနဲ့ ကွာခြားမှုရှိပါတယ်။ Eyezen+ ဆိုတာကတော့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို သုံးတဲ့အခါမှာ သက်သောင့်သက်သာဖြစ်စေဖို့နဲ့ အမြင်အာရုံကို ကောင်းစေဖို့အတွက် နောက်ဆုံးထုတ်ထားတဲ့ မျက်မှန်ပါ။ ဒီမျက်မှန်တွေက အပြာရောင်အလင်းတွေရဲ့ အနည်းဆုံး 20% လောက်ကို စစ်ထုတ်ပေးနိုင်ပြီးတော့ တခြားမျက်မှန်တွေနဲ့ မတူဘဲနဲ့ အမြင်ကို ကြည်စေပါတယ်။
ပုံမှန်အားဖြင့် ကွန်ပျူတာဖန်သားပြင်တွေကို မျက်လုံးနဲ့ ၂၀-၂၆ လက်မအကွာမှာ ထားရပါမယ်။ ဒါက အနီးနဲ့အဝေးကြား အကွာအဝေးပါ။
မျက်မှန်တပ်ရတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ အနီးမှုန်၊ အဝေးမှုန် စတာတွေကို ပြုပြင်ပေးတဲ့ အနီးဆိုအနီး၊ အဝေးဆိုအဝေး မျက်မှန်တွေ တပ်ရပါတယ်။
အသက် ၄၀ ကျော်တဲ့အချိန်မှာ အနီးအမြင်အာရုံတွေရဲ့ ကြည်လင်မှုက အားနည်းလာတာကြောင့် စာဖတ်တာတွေ၊ ဖုန်းသုံး၊ ကွန်ပျူတာသုံးတာတွေမှာ ရှင်းရှင်းလင်းလင်း မမြင်ရဖြစ်လာပါတယ်။ အနီးရော အဝေးပါ ပါတဲ့ မျက်မှန်တွေက အနီးနဲ့အဝေးအတွက်တော့ အဆင်ပြေသွားပေမယ့်လည်း ဖုန်း သုံးတာ၊ ကွန်ပျူတာ သုံးတာလိုမျိုး အလယ်အလတ် အကွာအဝေးအတွက်ကျတော့ ပြဿနာဖြစ်နေပါသေးတယ်။
ကွန်ပျူတာသုံးမျက်မှန် မတပ်ဘဲနဲ့ ကွန်ပျူတာ သုံးတဲ့အခါမှာ မျက်စိဝါးတာတွေ၊ မျက်လုံးမှုန်တာတွေနဲ့ ခေါင်းကိုက်တာတွေကို သက်သာစေဖို့အတွက် လူတွေက ရှေ့ကုန်းကြည့်တာတွေ ဘာတွေ လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက လည်ပင်း၊ ပုခုံးနဲ့ နောက်ကျောတွေကို နာစေနိုင်ပါတယ်။
ကွန်ပျူတာသုံးမျက်မှန်တွေကလည်း တစ်ယောက်ချင်းဆီအတွက် မတူပါဘူး။ ကွန်ပျူတာကြည့်တဲ့ အကွာအဝေး မျက်လုံးအားတွေပေါ်မှာ မူတည်ပါသေးတယ်။ ကိုယ်နဲ့သင့်တော်တဲ့ ကွန်ပျူတာသုံးမျက်မှန်က အမြင်အာရုံကြည်လင်ဖို့ လိုအပ်တဲ့အခါတွေမှာ အရမ်းအာရုံစူးစိုက်စရာမလို၊ ပုံစံမမှန်ဘဲ ကြည့်စရာမလိုဘဲနဲ့ ရှင်းရှင်းလင်းလင်း မြင်ရစေပါတယ်။
ကွန်ပျူတာသုံးမျက်မှန်မှာမှ မှန်အမျိုးအစားတွေကလည်း မျိုးစုံရှိတဲ့အတွက် ကိုယ်နဲ့သင့်တော်တဲ့မျက်မှန်ကို မျက်စိဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmynamar.com)




























