ကွာရှင်းထားသော လူများနဲ့ အိမ်ထောင်ဘက်သေဆုံးသွားသော လူများက နာတာရှည် ရောဂါ ဖြစ်နိုင်ချေပိုမိုမြင့်မား
နောက်အိမ်ထောင်ပြုပြီးသည့် တိုင်အောင် လင်မယားကွာရှင်းခြင်းနဲ့ အိမ်ထောင်ဘက် သေဆုံးခြင်း တို့က ကျန်းမာရေးပေါ်မှာ ဆိုးဝါးတဲ့ ရေရှည်သက်ရောက်မှုများဖြစ်စေတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ အထူးသဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာနဲ့ အခြားသော နာတာရှည်ရောဂါများဖြစ်နှုန်းမှာ 20%၊ လမ်း လျှောက်ရာတွင်ခက်ခဲခြင်း၊ လှေကားတက်ရာတွင် ခက်ခဲခြင်းစတဲ့ လှုပ်ရှားမှုဆိုင်ရာ ကျန်းမာရေးပြဿနာများဖြစ် နိုင်ချေမှာ 23% ထိမြင့်တက်လာနိုင်ပါတယ်။ ဒါပေမယ့် နောက်အိမ်ထောင် ထပ်ပြုသူတွေကတော့ နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ နာတာရှည်ရောဂါဖြစ်နှုန်းမှာ 12%၊ လှုပ်ရှားမှုဆိုင်ရာ ကျန်းမာရေးပြဿနာများ ခံစားရနိုင်ချေ 19% ပဲရှိပါတယ်။ အိမ်ထောင်ဘက်နဲ့ ကွဲကွာသွားတာကြောင့် လူတွေမှာ အအိပ်အစားပျက်ခြင်း၊ ကိုယ်လက်လှုပ် ရှားမှုအားနည်းလာခြင်းတို့ဖြစ်လာပါတယ်။ ဒါ့အပြင် မကွာရှင်းမီ၊ ကွာရှင်းရန် ပြင်ဆင်နေစဉ်အတောအတွင်းနဲ့ ကွာရှင်းပြီးတဲ့အချိန်တွေမှာ ခံစားရတဲ့ စိတ်ဖိစီးမှုက နှလုံးရောဂါ အပါအ၀င် အခြားသော နာတာရှည်ရောဂါများဖြစ် စေတဲ့ ဇီ၀လုပ်ငန်းစဉ်များကို မြန်ဆန်စေပါတယ်။ စိတ်ဖိစီးမှုများလျော့ပါးသွားသည့်တိုင်အောင် ၎င်းမြန်ဆန်မှုတွေ က ရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ဘက်နဲ့ ကွဲကွာသွားလို့ရရှိလာတဲ့ စိတ်ဖိစီးမှုကို လျော့ပါးသွားစေ ရန် ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ အားလပ်ချိန်တွင် ဝါသနာပါသည့် ကိစ္စတစ်ခုခုလုပ်ဆောင်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားသင့်ကြောင်း သုတေသီတို့က ဆိုပါတယ်။
Dr. Htet Htet Aung






























