ခဏခဏ ကြို့ထိုးနေတာ ဘာလို့များပါလိမ့်?
ကျွတ်ထိုးတယ်လို့ ခေါ်ကြတဲ့ တဂစ်ဂစ်နဲ့ ကြို့ထိုးတာက အတော်နေရထိုင်ရခက်တဲ့ ဝေဒနာပါပဲ။ တစ်ခါတလေမဟုတ်ဘဲ မကြာခဏ ကြိို့ထိုးလာတတ်ပြီဆိုရင် အကြောင်းရင်း ဘာတွေများ ဖြစ်နေနိုင်မလဲ?
● ကြို့ထိုးတာ နှစ်ရက်ထက် ပိုကြာနေရင်
● တစ်လအတွင်း မကြာခဏ ကြို့ထိုးနေတတ်ရင်
ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးလိုက်ပါတော့တဲ့။
ဗိုက်တင်းအောင် စားပြီးတဲ့အခါ အပြင် ဆေးလိပ်သောက်သူတွေ၊ အရက်သမားတွေဟာ ခဏခဏ ကြို့ထိုးတာ ပုံမှန်လို့ ဆိုရမှာပါ။
ဒါပေမဲ့ ရင်ဝမ်းခြားကြွက်သားကို ထိခိုက်စေမယ့် အခြေအနေတိုင်း အာရုံကြော ထိခိုက်စေတဲ့ အကြောင်းရင်းတိုင်းဟာ ကြာရှည် ကြို့ထိုးမှုကို ဖြစ်စေပါတယ်။
ဥပမာ - အစာရေမျို ရောင်ရင်ပူရောဂါ၊ ဦးနှောက် ပြန်ရည်ကျိတ်နဲ့ အသည်းကင်ဆာတွေ၊ လည်ပင်းနဲ့ သိုင်းရွိုက်ဂလင်း အကျိတ်တွေဟာလည်း ပြင်းပြင်ထန်ထန် မရပ်မနား ကြို့ထိုးစေတတ်ပါသတဲ့။
ဒါ့အပြင် ကြို့ထိုးတယ်ဆိုတာ လေဖြတ်တာ၊ လေဖြန်းတာ အာရုံကြောနဲ့ ဦးနှောက်သွေးကြောရောဂါတွေနဲ့ ဆိုင်နေပါတတ်သေးတယ်။
ကြို့ထိုးတာက နှလုံးသွေးကြောပိတ်တာ နှလုံးရောင်တာတွေနဲ့လည်း ဆက်စပ်နေသေးတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ဒါကြောင့် ဆက်တိုက် မကြာခဏ ကြို့ထိုးနေတတ်ရင် ဆရာဝန်နဲ့ ပြသစစ်ဆေးပြီး လိုအပ်သလို ကုသမှု ခံယူသင့်ပါတယ်။
ကြို့ထိုးတဲ့အခါ သက်သာအောင် ဒီနည်းလေးတွေ မှတ်ထားနော်။
● မျက်ခွံပေါ်ကို အသာ ဖိနှိပ်ပေးခြင်း
● ရေခဲရေနှင့် ပလုတ်ကျင်းခြင်း
● သကြားခဲ ဝါးစားခြင်း
● အာခေါင်ထဲကို ဂွမ်းစလေးနဲ့ အသာတို့ပေးခြင်း စတာတွေနဲ့ ကြို့ထိုး သက်သာအောင် ကြိုးစားကြည့်လို့ရပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























