ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကောင်းမွန်စေရန်
ခန္ဓာကိုယ်တွင် ခုခံအားစနစ်ပျက်ယွင်းပါက ရောဂါပိုးများ၀င်ရောက်လာပြီး လူကိုဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ခုခံအားစနစ်ကိုကောင်းမွန်စေရန်အတွက် ခုခံအားစနစ်ကိုပျက်ယွင်းစေတဲ့ အကြောင်းအရင်းများကို ရှောင်ရှားနိုင်ရန် ဖော်ပြလိုက်ပါတယ်။
1. ဆေးလိပ်ဖြတ်လိုက်ပါ
ဆေးလိပ်သောက်ခြင်းနဲ့ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းတို့ဟာ ခန္ဓာကိုယ်အပေါ်မှာပြင်းထန် ဆိုးဝါးတဲ့ သက်ရောက်မှုများဖြစ်စေပါတယ်။ ဆေးလိပ်ငွေ့မှာ ကင်ဆာဖြစ်စေတဲ့ပစ္စည်း(4)မျိုး လောက်ပါ၀င်တာကြောင့် အူမကြီးကင်ဆာအပါအ၀င် ကင်ဆာအမျိုးအစားအနည်းဆုံး (14)မျိုးလောက်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်၀န်ဆောင်ချိန်တွင် ဆေးလိပ်သောက်ပါက ပေါင်မပြည့်ဘဲမွေးခြင်းနှင့် ကလေးအသေမွေးခြင်းတို့ ဖြစ်နိုင် ပါတယ်။ လေ့လာမှုအရဆေးလိပ်မသောက်သူတွေဟာ ဆေးလိပ်သောက်သူတွေထက် (7)နှစ်ပိုပြီး အသက်ရှည်တာကိုတွေ့ရပါတယ်။
2. အိပ်ရေး၀၀အိပ်ပါ
အိပ်စက်ချိန်နည်းပါးတာကြောင့် ခန္ဓာကိုယ်ရဲ့ခုခံအားလျော့နည်းပြီး ရောဂါပိုးများအလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။ စာမေးပွဲနီးလာချိန်တွင် ညမအိပ်ဘဲစာကျက်သော ကျောင်းသားများသည် အလွယ်တကူဖျားနာလေ့ရှိတာကို တွေ့ရပါတယ်။ လေ့လာမှုများအရ အိပ်စက်ချိန်နည်းပါးသူတွေမှာ အစာအိမ်ရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ချေ ပိုမိုများပြားတယ်လို့သိရပါတယ်။ ဒါ့အပြင် တစ်ညမှာလေးနာရီနဲ့အောက် အိပ်ချိန်ရှိသူတွေမှာအရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုခံစားရနိုင်ပါတယ်။
3. စိတ်ဖိစီးမှုကိုလျှော့ချပါ
စိတ်ဖိစီးမှုများတာဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေမှာ ခန္ဓာကိုယ်ရဲ့ရောဂါခုခံနိုင်စွမ်းဟာ သိသိသာသာကျဆင်းလာတာကို လေ့လာမှုများ အရတွေ့ရပါတယ်။ အခြားသောလေ့လာမှုများအရစိတ်ဖိစီးမှုမရှိတဲ့ နှလုံးရောဂါသည်များဟာ စိတ်ဖိစီးမှုများတဲ့ နှလုံးရောဂါဝေဒနာရှင်များထက် အသက်ပိုရှည်တာကိုတွေ့ရပါတယ်။
4. အကောင်းမြင်ဝါဒထားရှိပါ
အရာရာကိုအကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အတွက် ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ လေ့လာမှုအရ အကောင်းမြင်ဝါဒရှိတဲ့ ကင်ဆာဝေဒနာရှင်တွေဟာ အခြားသောကင်ဆာဝေဒနာရှင်များထက်ပိုပြီး ခုခံအားစနစ်ကောင်းမွန်တာကိုတွေ့ရပါတယ်။
5. လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလည်ပတ်မှုကောင်းမွန်ပြီးခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဓာတ်ကျတာကိုတွန်းလှန်နိုင်ရုံသာမကစိတ် ဓာတ်ကျမှုထပ်မံ မဖြစ်အောင်လည်းပံ့ပိုးပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီ၀ရုပ်ဖြစ်ပျက်မှုကောင်းမွန်ပြီး ကျန်းမာသန်စွမ်းစေပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ ပြောလို့မကုန်နိုင်ပါဘူး။ လေ့ကျင့်ခန်းမလုပ်သူတွေဟာသိန်းဆုပေါက်တဲ့ ထီလက်မှတ်ကိုလွှတ်ပစ်တဲ့လူနဲ့တူပါတယ်။
6. တစ်ယောက်တည်းမနေပါနှင့်
အားလပ်ချိန်မှာသူငယ်ချင်းများနဲ့တွေ့ဆုံပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးများကိုဖန်တီးပါ။ အားလပ်ချိန်များကို သူငယ်ချင်းများနှင့်အတူတူ ဖြတ်သန်းတာကြောင့် စိတ်ဖိစီးမှုကိုလျော့ကျစေရုံသာမက အရွယ်မတိုင်မီသေဆုံးမှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ သုတေသီများကဆိုပါတယ်။
7. အသင့်စားအစားအစာများကိုရှောင်ရှားပါ
အသင့်စားအစားအစာများကိုစားသုံးပြီး လေ့ကျင့်ခန်းမလုပ်တာကြောင့် နှစ်စဉ်အမေရိကန် လူမျိုး 3 သိန်းမှ 5 သိန်းကျော်ထိ သေဆုံးနေကြကြောင်းလေ့လာမှုများအရသိရပါတယ်။ အသင့်စား အစားအစာများမှာ အာဟာရဓာတ်များလုံလောက်မှုမရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုထိခိုက်စေပါတယ်။ ဒါ့အပြင် အဆီဓာတ်နှင့် သကြားဓာတ်များကြွယ်၀စွာပါ၀င်တာကြောင့် ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုး၀င်ရောက်နိုင်ချေကို ပိုမိုမြင့်တက်စေပါတယ်။
8. ပဋိဇီ၀ဆေးဝါးများ(Antibiotics) ကိုမလိုအပ်ဘဲမသောက်ပါနဲ့
မလိုအပ်ဘဲ ပဋိဇီ၀ဆေးဝါးများ သောက်သုံးပါက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုထိခိုက်စေပါတယ်။ ပဋိဇီဆေးဝါးများသောက်သုံးခြင်းကြောင့် ဆိုက်တိုကိုင်း(Cytokine) ပရိုတင်းပမာဏကိုလျှော့ကျစေပြီး ခုခံအားစနစ်ကိုဖိနှိပ်ခြင်းကြောင့် ဖြစ်တယ်လို့ သုတေသီများကဆိုပါတယ်။
9. ရယ်မောပါ
ရယ်မောခြင်းကြောင့် စိတ်ဖိစီးမှုကိုတွန်းလှန်နိုင်ပြီးစိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Loma Linda University School of Medicine မှ လေ့လာမှုအရရယ်စရာရုပ်ရှင်များကို တစ်နာရီခန့်အချိန်ပေးကြည့်ရှုသူ အမျိုးသားများတွင် ခုခံအားစနစ်ပိုမိုကောင်းမွန်တာကိုတွေ့ရပါတယ်။ ဒါကြောင့် ပါးစပ်ဟပြီးတော့ပဲဖြစ်ဖြစ် ခပ်ကျယ်ကျယ်လေးရယ်မောလိုက်ပါ။
10. ခန္ဓာကိုယ်ကိုအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများကိုရှောင်ရှားပါ
အဆိပ်အတောက် (toxin) များကိုထိတွေ့မှုများပြားတာကြောင့် ခုခံအားစနစ်ပေါ်မှာ ပြင်းထန်ဆိုးဝါးတဲ့ သက်ရောက်မှုများရှိစေပါတယ်။ အစာနှင့်ရေမှာပါ၀င်တဲ့ ပိုးသတ်ဆေးများ၊ အိမ်သုံးသန့်စင်ဆေးရည်များမှာပါ၀င်တဲ့ Chemicals များဟာ အသည်းမှာစုပုံလာတာကြောင့် အသည်း၏ အဆိပ်များကိုချေဖျက်ခြင်းလုပ်ငန်းစဉ်မှာ ၀န်ပိလာပြီး အဆိပ်အတောက်မှန်သမျှကို ချေဖျက်နိုင်ခြင်းမရှိတော့ပါဘူး။ အဆိုပါ အဆိပ်အတောက်များဟာ ခန္ဓာကိုယ်ရှိတစ်သျှူးဆဲလ်များကို ပျက်ဆီးစေပါတယ်။ ဒါ့အပြင် ခုခံအားကိုလျော့စေပြီး ကင်ဆာအပါအ၀င် အခြားသောရောဂါများကိုအလွယ်တကူ၀င်ရောက်စေနိုင်ပါတယ်။
Dr. HtetHtetAung (www.drmyanmar.com)