ခန္ဓာကိုယ်ရဲ့ အကျိုးပြု ဘက်တီးရီးယားတွေအကြောင်း
ကိုယ့်ရဲ့ ခန္ဓာကိုယ်ဟာ မိုက်ခရိုစကုပ်နဲ့ ကြည့်မှ မြင်ရတဲ့ မျက်စီနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးပွားတွေ မှီတင်းနေထိုင်ရာ နေရာတစ်ခုဆိုရင် အံ့သြကြလေမလား။ သိပ်ကို အသန့်ကြိုက်ပါတယ်ဆိုတဲ့ သူတွေ လန့်လောက်အောင်ပဲ တစ်ကိုယ်လုံးက ဆဲလ်စုစုပေါင်းထက် ကပ်တွယ်ပိုးမွှားအရေအတွက်က ဆယ်ဆ ပိုများနေပါသတဲ့။
● အရေပြားပေါ်က အိမ်ထောင်စု သေးသေးလေးတွေကတော့ အရေပြားကို ကာကွယ်ပေးနေတဲ့ ပိုးမွှားတပ်သား မိသားစုလေးတွေပါတဲ့။ ဒီပိုးမွှားလေးတွေက ရောဂါဒဏ်ကို ကာကွယ်ပေးပြီး အရေပြားကို နူးညံ့စိုပြေစေတဲ့အပြင် ညင်သာနူးညံ့တဲ့ အကာအကွယ်ပါးပါးလေးကို ပေးစွမ်းပါတယ်။ အရေပြားကို အတင်းကြီး ချေးချွတ်ကာ၊ တစ်ချိန်လုံး လိုးရှင်းလူးတာတွေ မလုပ်ပါနဲ့ ။
● အူလမ်းကြောင်းထဲက ကခုန်နေတဲ့ ဘက်တီးရီးယားတွေကတော့ အစာခြေလုပ်ငန်းသုံးတွေ ကယ်လိုရီချေဖျက်မှုတွေမှာ အဓိကအရေးပါပြီး ခန္ဓာကိုယ်ကို ပိန်သွယ်ကျစ်လစ်စေတဲ့ အကြောင်းရင်းထဲမှာ တစ်ခုအပါအဝင်ပေါ့။ ဒီဘက်တီးရီးယားလေးတွေ ဟန်ချက်ပျက်သွားရင် မကြာခဏ ဝမ်းလျှောမယ်၊ ဗိုက်ရစ်မယ်။ ပဋိဇီဝဆေးတွေ သိပ်သောက်ရင်လည်း သူတို့လေးတွေ နေရခက်ကုန်ပြီ။ ကယ်လိုရီမချေဖျက်နိုင်တော့လို့ အဝလွန်လာတတ်သတဲ့။
● သိပ်သန့်ချင်ပါတယ်ဆိုပြီး အမျိုးသမီးအင်္ဂါကို တစ်ချိန်လုံး ဆပ်ပြာမွှေးတွေ အမွှေးအကြိုင်တွေနဲ့ ဆေးကြောနေတတ်သူ မမများ သတိပြုဖို့က အမျိုးသမီးအင်္ဂါတွင်းမှာ မှီတင်းနေထိုင်ပြီး ရောဂါပိုဆိုးတွေ မဝင်လာအောင် တိုက်ဖျက်ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေကို အနှောင့်အယှက် ပေးနေတတ်တယ်ဆိုတာပါပဲ။ ဒီတော့ အလွန်အကျွံသန့်ချင်တာလည်း မကောင်းတာမို့ မျှမျှတတလေး သန့်ကြရအောင်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























