/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခါးကိုက်-ကိုက်နေတာ-ကြာပြီ

ခါးကိုက် ကိုက်နေတာ ကြာပြီ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူတွေမှာ အဖြစ်အများဆုံးပြဿနာတစ်ခုကို ပြပါဆိုရင် ခါးကိုက်တာကို ပြရလောက်အောင် ခါးကိုက်တဲ့ပြဿနာက ဆိုးလှပါတယ်။ ဆေးခန်းမှာလည်း မကြာမကြာ ခါးကိုက်လို့ဆိုတာ ချည်းပါပဲ။ တကယ်တော့ ခါးကိုက်ဝေဒနာဟာ ပေါ့သေးသေးတော့ မဟုတ်ပါဘူးနော်။

          အဆစ်အမြစ်လေးဘက်နာဆိုတာ ကြားဖူးကြမှာပေါ့။

          နောက်ပြီးတော့ ကျောရိုးဆစ် ရောင်ရမ်းခြင်းဆိုတာကလည်း မမေ့သင့်တဲ့ပြဿနာပါပဲ။

          ဒီလို ကျောရိုးဆစ်ရောင်ရမ်းခြင်းဟာ နာတာရှည် ခါးနာတဲ့အနေနဲ့ ၂၀%သောလူကြီးတွေမှာ ဖြစ်လေ့ရှိတာမို့ပါ။

          ကျောရိုးဆစ် ရောင်ရမ်းတာလား၊ ရိုးရိုးဒဏ်ဖြစ်ပြီး ခါးနာတာလားဆိုတာ အင်မတန် ခွဲရခက်ပါတယ်။

          ဒီရောဂါဟာ ခါးနာတာတင်မကဘဲ လုပ်ရည်ကိုင်ရည်စွမ်းရည်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ ကုသနည်းလမ်းတွေ ရှိပေမယ့်လည်း အစောပိုင်းမှာ ကုတာ အကောင်းဆုံးပါပဲ။

 

>>    ဘယ်သူတွေမှာ သတိထားရမလဲ?

          ကျောရိုးဆစ် ရောင်ရမ်းဟာ ကျောရိုးဆစ်ကလေးတင်မကဘဲ အရွတ်တွေ၊ အကြောတွေ တွယ်ထားတဲ့နေရာတွေမှာပါ ရောင်ရမ်းစေတတ်တယ်။

          သတိမထားမိရင် ကျောရိုးဆစ်တွေ တစ်ခုနဲ့တစ်ခု ကပ်သွားပြီးတော့ ကျောရိုးဆစ်ကပ်ရောဂါ ဖြစ်သွားတတ်ပါတယ်။

          ဒီလိုဖြစ်သွားရင်တေ့ာ ကုသဖို့နည်းလမ်း မရှိတော့ပါဘူး။ ဒါကြောင့် စောစောကုဖို့ အရေးကြီးတာပါ။

          အသက် ၄၀ ကနေ ၄၅ နှစ်မတိုင်ခင် အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာလည်း အနည်းအကျဉ်းတော့ ဖြစ်နိုင်ပါသေးတယ်။

 

>>    ဘယ်လိုလက္ခဏာတွေကို သတိထားရမလဲ?

          တဖြည်းဖြည်းချင်း ဖြစ်လာတတ်တာကို သတိပြုသင့်ပါတယ်။ ခေါင်မိုးပေါ်က ပြုတ်ကျလို့နာသလို နေ့ချင်းညချင်းကြီး နာလာတာမျိုး မဟုတ်ဘူးပေါ့။

          မနက်ခင်းမှာ ပိုနာပြီး လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် သက်သာသွားပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးရင်လည်း သက်သာနိုင်ပါသေးတယ်။

          အသက် ၄၅ နှစ်အောက်မှာ အကြောင်းရင်းမရှိဘဲ ၁၂ ပတ်ထက်ကြာအောင် ခါးနာနေပြီဆိုရင် သတိထားသင့်ပြီနော်။

 

>>    ရောဂါသိနိုင်ဖို့အတွက်

          အရိုးအကြောအဆစ်ဆရာဝန်နဲ့ ပြပေးရင် အကောင်းဆုံးပါ။

          ဓာတ်မှန်မှာ ပြောင်းလဲမှုတွေ တွေ့ချင်မှတွေ့မှာမို့ သံလိုက်ဓာတ်မှန် ရိုက်ပေးနိုင်ရင် အကောင်းဆုံးပါနော်။

 

>>    ဘယ်လိုကုသနိုင်မလဲ?

          ရောင်ရမ်းတာတွေ သက်သာစေဖို့ အရောင်ကျဆေးတွေ သောက်ပေးလို့ ရပါတယ်။

          နောက်တစ်ဆင့်အနေနဲ့ သဘာဝခုခံအားလမ်းကြောင်းပိတ်တဲ့ နောက်ဆုံးပေါ်ဆေးတွေ သောက်ပေးနိုင်ပါတယ်။ ဒီဆေးတွေဟာ ကျောရိုးဆစ် ရောင်ရမ်းခြင်းကို ပိုမဆိုးလာအောင် တားဆီးပေးနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)