/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခါးကိုင်းခြင်း

ခါးကိုင်းခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနှင့်ဦး နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦးဟု ကျွန်မတို့ ကလေးဘဝက သီဆိုခဲ့ကြပါတယ်။ ဒီသီချင်းလေးက အသက်ကြီးလာသော အဘိုးအဘွားတွေရဲ့ ခါးကိုင်းလာသော သရုပ်ကို ချစ်စဖွယ် ဖော်ပြခဲ့တာပဲ မဟုတ်လား။
ယနေ့ခေတ်မှာတော့ လူနေမှုပုံစံများအရ လူကြီးများသာမက ကလေးငယ်များတွင်လည်း ခါးကိုင်းခြင်း အဖြစ်များလာပါပြီ။
ခါးကိုင်းခြင်းဆိုတာ ကျောရိုးဆစ်များ ကွေးလာခြင်းကြောင့် ခါးအပေါ်ပိုင်း ပုံမှန်ထက် ပိုခုံးလာခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။
လူတိုင်းလိုလိုဟာ ကျောရိုးဆစ် အနည်းငယ် ကိုင်းတတ်ကြပါတယ်။ ၄၅ ဒီဂရီထက် ပိုခုံးခြင်းကိုတော့ လွန်ကဲစွာကိုင်းခြင်းလို့ သတ်မှတ်ပါတယ်။

>>  ခါးကိုင်းခြင်းကြောင့် အများစုတွင် အခြားသောလက္ခဏာများ မခံစားရပေမယ့် အချို့မှာတော့ -
●  ခါးနာခြင်း၊ တောင့်တင်းခြင်း
●  ကျောရိုးနာခြင်း
●  ပင်ပန်းခြင်းတို့ တွေ့ကြုံရတတ်ပါတယ်။

>>  ဘာကြောင့် ခါးကိုင်းရသလဲ?
●  ကိုယ်နေဟန်ထားမမှန်ခြင်း
●  ခါးဆစ်ရိုးများ ပုံမမှန်ခြင်း
●  မိခင်ဗိုက်ထဲမှာကတည်းက ကျောရိုးဆစ်ကောင်းစွာ မဖွံ့ဖြိုးခြင်း
●  အသက်ကြီးသောကြောင့် ခါးကိုင်းခြင်း
●  ခါးရိုးဆစ်ဒဏ်ရာရခြင်း စသည်တို့ကြောင့် ဖြစ်တတ်ပါတယ်။

>>  ခါးကုန်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများကတော့ -
●  ဆေးသောက်သော်လည်း မသက်သာသည့် ခါးနာခြင်း
●  ကျောရိုးမှာ အဆုတ်ကိုဖိခြင်းကြောင့် အသက်ရှူရခက်ခဲခြင်း
●  ကျောရိုးမှတစ်ဆင့် ဖြတ်သန်းနေသော အာရုံကြောများ ဖိမိခြင်းကြောင့် လက်မောင်းနှင့်ခြေထောက်များ ထုံကျဉ်အားနည်းခြင်း
●  ဟန်ချက်မညီဖြစ်ခြင်း
●  ဆီးနှင့်ဝမ်း မထိန်းနိုင်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။

>>  ခါးမကိုင်းစေဖို့အတွက် ငယ်စဉ်ကပင် -
●  ကလေးများအား ကိုယ်အနေအထား မတ်မတ်နေစေခြင်း၊ ခပ်လျှောလျှောထိုင်ခြင်းကို တားမြစ်ခြင်း
●  ကျောပိုးအိတ်အလေးများ သယ်ပိုးခြင်းကို ရှောင်ခြင်း
●  ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း စသည်တို့ဖြင့် ကာကွယ်နိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)