ခါးနာနေတာ စိတ်ပူရလား
ခါးနာတာက ထိခိုက်ဒဏ်ရာကြောင့်ချည်းမဟုတ်ဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ခါးနာတာက ခါးရိုးတစ်လျှောက်မှာ နာတာဖြစ်ပြီးတော့ ယာယီ၊ ပြန်ပြန်ဖြစ်တာနဲ့ နာတာရှည်ဆိုပြီး ရှိပါတယ်။ အများစုကတော့ ထိခိုက်ဒဏ်ရာတစ်ခုခု၊ အနေအထားမမှန်လို့၊ ဒဏ်ဖြစ်လို့ ယာယီနာကြတာ များပါတယ်။ ရက်အနည်းငယ်အတွင်းမှာ သူ့ဟာသူ ပြန်ပျောက်သွားတတ်ပေမယ့်လည်း ချွင်းချက်တွေတော့ ရှိပါတယ်။
တစ်ခါတလေမှာ ခါးနာတယ်ဆိုတာက ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ခါးနာစေတတ်တဲ့ အခြေအနေတွေကတော့ -
1. အချို့သောကင်ဆာရောဂါများ
ရှားပေမယ့်လည်း အရိုးကင်ဆာလိုမျိုးမှာဆိုရင် နာကျင်ကိုက်ခဲတာက ပထမဆုံးလက္ခဏာ ဖြစ်တတ်ပါတယ်။ ဆက်တိုက်ခါးနာနေတာက ကျောရိုးတိုင်၊ အူမကြီး၊ အစာဟောင်းအိမ်၊ သားဥအိမ်ကင်ဆာတွေကြောင့် ဖြစ်နိုင်ပြီးတော့ နာနေပြီဆိုတာက ကင်ဆာက တခြားနေရာတွေကို ပြန့်နေပြီဆိုတဲ့သဘော သက်ရောက်ပြီး တခြားလက္ခဏာတွေနဲ့ တွဲဖြစ်နိုင်ပါတယ်။ ဒီတော့ ထိခိုက်ဒဏ်ရာကြောင့်လည်းမဟုတ်၊ တခြားဘာအကြောင်းမှလည်းမရှိဘဲနဲ့ ခါးဆက်တိုက်နာနေတယ်ဆိုရင် ဆရာဝန်သွားပြတာ အကောင်းဆုံးပါပဲ။
2. ကျီးပေါင်းတက်ခြင်း
ကျီးပေါင်းတက်တယ်ဆိုတာကတော့ ခါးနာပြီးတော့ လှုပ်ရှားမှုကို ဆုံးရှုံးသွားစေနိုင်တဲ့ နာတာရှည်ရောင်ရမ်းခြင်းတစ်မျိုးပါ။ နာတာရှည်ရောင်ရမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အရိုးကိုတွယ်တဲ့ အရွတ်တွေမှာ ကယ်ဆီယမ်တွေ စုပုံလာပါတယ်။
အမြဲလိုလို ခါးနာနေတာက အရိုးကျီးပေါင်းရဲ့ ပထမဆုံးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ခါးရိုးအောက်ပိုင်းမှာရောင်ပြီးတော့ အထူးသဖြင့် အကြာကြီးနားပြီးတဲ့အခါမှာ နောက်ကျောတွေ တောင့်တင်းစေပါတယ်။ အခြေအနေ ပိုဆိုးလာတဲ့အခါမှာ တောင့်တင်းတာတွေ၊ မလှုပ်နိုင်တာတွေက အပေါ်တက်လာပြီးတော့ လည်ပင်းအရိုးအထိ ရောက်သွားပါတယ်။
3. ခါးရိုးရောဂါပိုးဝင်ခြင်း
ခွဲစိတ်မှုလုပ်ပြီးနောက်မှာ (သို့) အာဟာရမပြည့်ဝတဲ့သူတွေ/ ကိုယ်ခံအားကျနေတဲ့သူတွေမှာ သူ့အလိုလို ဘက်တီးရိးယား/ မှို စတဲ့ ရောဂါပိုးတွေ ဝင်နိုင်ပါတယ်။ အရိုးလှုပ်ရှားလိုက်တဲ့အခါမှာ နာကျင်တာအပြင် ခေါင်းကိုက်တာ၊ လည်ပင်းတွေတောင့်နေတာ၊ ချမ်းတုန်ဖျားတာတွေပါ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေ တွေ့ရင်တော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားဖို့ လိုပါတယ်။
4. ကျောက်ကပ်အောင့်ခြင်း
ကျောက်ကပ်က ခါးမှာရှိတဲ့အတွက် ကျောက်ကပ်အောင့်တာနဲ့ ခါးနာတာက ခွဲရခက်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ပိုးဝင်ခြင်းတွေကြောင့် ကျောက်ကပ် အောင့်တတ်ပါတယ်။ ကျောက်ကပ်ပြသနာဆိုရင် ဆီးအိမ်အောင့်တာ၊ ဆီးပေါက်ရခက်တာ၊ ပျို့အန်တာတွေပါ ဖြစ်တတ်ပါတယ်။
5. အရိုးအဆစ်ရောင်ရမ်းခြင်း
အရိုးနဲ့ အဆစ်တွေကြားမှာရှိတဲ့ အရိုးနုတွေစပြီး ပျက်စီးလာတဲ့အခါမှာ ရောင်ရမ်းပြီးတော့ နာကျင်မှုတွေ ခံစားရစေပါတယ်။ ခါးရိုးဆစ်တွေကြားမှာရှိတဲ့ အချပ်ပြားလေးတွေလည်း စပြီ းပျက်စီးလာတဲ့အတွက်ကြောင့် ခါးမှာလည်း တောင့်တင်းနာကျင်မှုတွေ ဖြစ်စေပါတယ်။
>> ဘယ်လိုအချိန်မှာ ဆေးရုံ၊ဆေးခန်းချက်ချင်းပြသင့်သလဲ
အချို့ခါးနာတာတေါက ဘာမှလုပ်ဖို့မလိုဘဲ ပြန်ကောင်းသွားတာရှိသလို ဆေးခန်းပြဖို့ လိုတာလည်း ရှိပါတယ်။ ဆေးခန်းပြသင့်တဲ့ အခြေအနေတွေကတော့ -
● ဆီးမထိန်းနိုင်ရင်၊ ခန္ဓာကိုယ်အောက်ပိုင်း ထုံကျဉ်နေရင် အာရုံကြောပျက်စီးလို့ ဖြစ်နိုင်ပါတယ်။
● အားပြင်းတဲ့ မတော်တဆမှု တစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာများများရပြီးတော့ အရိုးကျိုးသွားရင်
● ရုတ်တရက် ဖျားရင် ဆေးရုံ၊ ဆေးခန်း သွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























