ခုန်ခြင်းရဲ့ ကျန်းမာရေး အကျိုးထူးများ
10 မိနစ်ခန့် ခုန်ဆွခုန်ဆွ လုပ်လိုက်ခြင်းဟာ နာရီဝက်ပြေးတာနဲ့ ညီမျှပါတယ်။ ကလေးတွေလို အားရပါးရ ခုန်ပေါက်ခြင်းမှာ ဘယ်လိုကျန်းမာရေး အကျိုးထူးတွေ ရှိနေပါလိမ့်။
● ခန္ဓာကိုယ်တွင်း လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းလာဖို့ လှုံဆော်ပေးပါတယ်။
● အောက်ဆီဂျင်ပမာဏကို တိုးပွားစေပါတယ်။
● ကြွက်သားတွေ၊ အရွတ်တွေကို တောင့်တင်းသန်မာလာစေတယ်။
● ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။
● နှလုံးနဲ့ သွေးကြောများကို သွေးစီးဆင်းမှု ကောင်းလာစေတယ်။
● ပြန်ရည်ကျိတ်တွေနဲ့ ပြန်ရည်စီးဆင်းမှုကို ချောမွေ့ကောင်းမွန်လာစေပါတယ်။
● အသက်ရှင်ရခြင်းရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားလာရပြီး ကျေနပ်နှစ်သိမ့်မှု တိုးလာစေပါတယ်။
တကယ်တော့ ထရန်ပိုလိုင်းလို့ခေါ်တဲ့ ကြိုးပုခက် (သို့မဟုတ်) အထူးပြုလုပ်ထားတဲ့ ခုန်လို့်ရတဲ့ အောက်ခင်းတွေကို ကစားကွင်းတွေမှာ အများဆုံး တွေ့ရမှာပါ။ မကြီးမငယ်နဲ့ ဝင်ခုန်နေတယ်လို့ အပြောမခံရအောင် ခုန်ခြင်းနဲ့ တခြားလေ့ကျင့်ခန်းတွေ နှိုင်းယှဉ်ချက်ကို ပြန်လင်းပြနိုင်ဖို့ ဖတ်ကြည့်လိုက်ပါဦး။
● ခုန်ခြင်းဟာ ပြေးခြင်းနဲ့ တခြားလေ့ကျင့်ခန်းတွေထက် အဆစ်အမြစ်တွေ ဒဏ်ပိတာ သက်သာစေပါတယ်။
● ခုန်တဲ့အခါ မိမိခန္ဓာကို မလဲအောင် ဂရုစိုက် ထိန်းညှိရတဲ့အတွက် မျှခြေအတွေးအခေါ်နဲ့ ဟန်ချက်ညီမှုတွေကို လေ့ကျင့်ပြီးသား ဖြစ်သွားစေလို့ ယောဂလိုပဲ အစွမ်းထက်ပါသတဲ့။
● 10 မိနစ်ခန့် ခုန်လိုက်ရုံနဲ့ ဦးနှောက်နဲ့ နှလုံးကို သွေးစီးဆင်းမှုတွေ တစ်ရှိန်ထိုး တက်သွားပြီး ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဆေးချလိုက်သလိုပါပဲ။ ခဏလေးနဲ့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်သလို အာနိသင်ရမှာမို့ သဘောကျစရာ မကောင်းဘူးလားနော်။
● ခုန်ဖို့အတွက် အကျယ်အဝန်းလည်း များများမလိုပါဘူး။ ကြိုးပုခက် (သို့မဟုတ်) မွေ့ရာမပါလည်း ကိုယ့်ဘာသာ အလွတ် ခုန်ဆွခုန်ဆွ လုပ်ကြည့်နေလို့ရတာပဲ။ ငွေမကုန် လူမပန်းဘဲ ချွေးတွေထွက်၊ သွေးတွေ ဆူလာပြီး လုံးဝပွင့်သွားစေမယ့် လေ့ကျင့်ခန်းလေးပါလို့ စမ်းသပ်ကြည့်ကြဖို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























