/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းရေစိုကြီးနဲ့-အိပ်တာ-ဖျားတတ်သလား

ခေါင်းရေစိုကြီးနဲ့ အိပ်တာ ဖျားတတ်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ကျွန်မတို့တွေက ငယ်ငယ်လေးကတည်းက “ခေါင်းရေစိုကြီးနဲ့ အပြင်မထွက်နဲ့၊ ခေါင်းစိုကြီးနဲ့ မအိပ်နဲ့” ဆိုတဲ့ အမှာစကားတွေ၊ သတိပေးသံတွေနဲ့ ကြီးပြင်းလာရတာပါ။ ဒါပေမဲ့ ဒီလိုခေါင်းရေစိုစိုနဲ့ အိပ်တာက တကယ်ပဲ မကောင်းဘူးလားဆိုတော့ ဟုတ်တယ်၊ မကောင်းပါဘူး။ ဒါပေမဲ့ ဘာလို့မကောင်းတာလဲ ဆိုရင်တော့ ကျွန်မတို့ ထင်နေတာတွေကြောင့်တော့ မဟုတ်ပါဘူး။
       ခေါင်း ရေမခြောက်သေးဘဲအိပ်ရင် အအေးမိမယ်လို့ ထင်ကြမှာပါပဲ။ တကယ်တမ်းတော့ အအေးမိတယ်ဆိုတာက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ရာသီဥတုအေးအေးမှာ ခေါင်းရေစိုစိုနဲ့အိပ်လို့ မဟုတ်ပါဘူး။
       ဒီတော့ ခေါင်းရေစိုနဲ့နေတာ ဘာလို့မကောင်းတာလဲဆိုတဲ့ တကယ့်အချက်အမှန်ကတော့ ရေစိုနေတဲ့ဆံပင်တွေက ခံနိုင်အားကျဆင်းပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးပြီးချင်းမှာ ဆံပင်ကို သေချာထိန်းသိမ်းဖို့ လိုတာပါ။ ခေါင်းရေစိုကို သေချာမသုတ်ဘဲ၊ ခေါငး်မဖြီးဘဲ အိပ်လိုက်မယ်ဆိုရင် ဒီလိုတစ်ခါလုပ်တိုင်း ဆံသားအပေါ်မှာ ဆွဲအားများစေပြီးတော့ ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်။
       ဆံပင်တွေ လုံးဝခြောက်သွားအောင် လေမှုတ်ဖို့အထိ မစောင့်နို်င်တော့ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ တဘက်လေးနဲ့ ခြောက်အောင်သုတ်ပြီးမှပဲ အိပ်သင့်ပါတယ်။ ပြီးတော့ ဆံပင်မခြောက်ခင်မှာ ကျစ်ဆံမြီးကျစ်ပြီးမှ အိပ်တာမျိုး မလုပ်ပါနဲ့။ နိုးလာတဲ့အခါမှာ ဆံပင်တွေ တွန့်လိမ်နေတာကို တွေ့ရသလို ဒါက ဆံပင်ကိုလည်း ဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ဆံသားတွေကို ဆွဲခံရရုံသာမကဘဲ ခေါင်းစည်းကြိုးနဲ့ ဆွဲစုပ်တာကိုခံရပြီးတော့ ဆံပင်တွေ ကျွတ်စေနိုင်ပါတယ်။ ဒါ့အပြင် အပူအအေး မညီမျှမှုကြောင့် အိပ်ရာနိုးလာရင်လည်း ခေါင်းကိုက်နေတော့မှာ အသေအချာပဲပေါ့။

Dr. Mya Myo Myo Swe (www.drmyanmar.com)