ခေါင်းအုံးစွပ်တွေကို ဘယ်လောက်ကြာရင် တစ်ကြိမ် လဲလှယ်သင့်ပြီး ဘယ်လိုလျှော်ဖွပ်သင့်သလဲ?
ပူအိုက်တဲ့ညတွေကြောင့် ချေွးတွေ အထွက်များတဲ့အခါမှာ အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးစွပ်တွေမှာ ချေွးတွေ စိုစွတ်နေစေပါတယ်။ တစ်နေ့တစ်ကြိမ် ရေချိုးတယ်ဆိုရင် အိပ်ရာခင်းတွေကိုလည်း တစ်ပတ်တစ်ခါ လဲလှယ်ပေးပါ။
ခေါင်းအုံးစွပ်တွေက မျက်နှာ၊ ဆံပင်တွေနဲ့ အမြဲထိနေပြီး ဆံပင်တွေမှာ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် အညစ်အကြေးတွေ ပိုပြီးသယ်ဆောင်ထားတဲ့အတွက် တစ်ရက်ခြားတစ်ခါ လဲလှယ်သင့်ပါတယ်။
ဝက်ခြံတွေ အရမ်းထွက်နေတာက ခေါင်းအုံးစွပ်တွေကို လဲလှယ်သင့်တဲ့အချိန်အတိုင်း မလဲလှယ်လို့ ဖြစ်နိုင်ပါတယ်။
>> ခေါင်းအုံးစွပ်တွေကို ဘယ်လိုလျှော်ဖွပ် ထိန်းသိမ်းကြမလဲ?
1. ခေါင်းအုံးစွပ်အပိုတွေ ဝယ်ထားပါ။
ခေါင်းအုံးစွပ်တွေမှာ မိတ်ကပ်၊ အစိုဓာတ်ထိန်းဆေး၊ ဆံပင်ဆိုးဆေးနဲ့ အခြားခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေ စွန်းကျန်နေနိုင်တဲ့အတွက် အပိုတွေ ဝယ်ထားပြီး လဲလှယ်သုံးစွဲရပါမယ်။
2. အပူချိန်မြင့်မြင့်မှာ ပုံမှန်လျှော်ဖွပ်ပါ။
ခေါင်းအုံးစွပ် အတော်များများက သဘာဝချည်သားတွေနဲ့ ချုပ်ထားတဲ့အတွက် အလျှော်ခံပြီး အပူချိန်မြင့်မြင့်မှာလည်း လျှော်ဖွပ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ပထမဆုံးအကြိမ် မလျှော်ခင်မှာ အပေါ်က အညွှန်းကို သေချာဖတ်ပါ။ အရည်အသွေးကောင်းတဲ့ သဘာဝချည်သားတွေက လျှော်ဖွပ်တဲ့အတွက် အရောင်ကျတာမျိုး မရှိတဲ့အတွက် အပူချိန်မြင့်မြင့်မှာ အပတ်စဉ် လျှော်ဖွပ်နိုင်ပြီး ကြည့်ရလည်း မဆိုးစေပါဘူး။ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေ အားလုံးက ဘက်တီးရိးယားပိုးနဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ 60° အပူချိန်မှာ လျှော်ဖွပ်နိုင်ပါတယ်။
3. ဆပ်ပြာမှုန့်ကို သေချာချိန်တွယ်ပြီး ထည့်ပါ။
ဆပ်ပြာမှုန့်၊ အရည်တွေ ထည့်တဲ့အခါမှာ သေချာချိန်ဖို့ လိုပါတယ်။ များလွန်းရင်လည်း ဆပ်ပြာမှုန့်တွေ ကျန်နေနိုင်ပြီး နည်းလွန်းရင်လည်း အဝတ်တွေကို သေချာ မသန့်စင်စေပါဘူး။ ခေါင်းအုံးစွပ်တွေကို အပူချိန် 60° မှာ ပုံမှန်လျှော်ပေးခြင်းဖြင့် အညစ်အကြေးတွေနဲ့ ဆပ်ပြာမှုန့်တွေ အဝတ်မှာ ကျန်နေစေခြင်းမှ ကာကွယ်နိုင်ပါတယ်။
4. ခေါင်းအုံးစွပ်တွေကို သန့်ရှင်းရေးလုပ်ဖို့ သဘာဝထုတ်ကုန်တွေကို သုံးပါ။
White wine vinegar ခွက်တစ်ဝက်လောက် ထည့်ပြီး လျှော်ပါ။ ဒါက အက်ဆစ်ဓာတ် မြင့်မားတဲ့အတွက် သဘာဝအတိုင်း ပိုးသေစေနိုင်စွမ်းရှိသလို အနံ့ပြယ်စေနိုင်စွမ်းနဲ့ ကျန်နေတဲ့ အညစ်အကြေးတွေကို ပျက်စီးစေနိုင်စွမ်း ရှိပါတယ်။
ခေါင်းအုံးစွပ်အစွန်းတွေကို ချွတ်နိုင်ပြီး ဖြူစေတဲ့ နောက်ထပ် သဘာဝထုတ်ကုန်တစ်မျိုးကတော့ သံပယိုရည်ပဲ ဖြစ်ပါတယ်။ သံပယိုရည်တစ်ခွက်ထည့်ပြီး လျှော်ဖွပ်ခြင်းအားဖြင့် ခေါင်းအုံးစွပ်တွေမှာ လန်းဆန်းတဲ့အနံ့တွေ သင်းပျံ့စေနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါကလည်း အယ်ကာလီဓာတ် အနည်းငယ်ရှိပြီး အစွန်းချွတ်နိုင်စွမ်း ရှိပါတယ်။ အနံ့တွေကို စုပ်ယူနိုင်စွမ်းလည်း ရှိပါတယ်။
5. လေနဲ့ ထိတွေ့မှု ရှိပါစေ။
လတ်ဆတ်တဲ့လေနဲ့ နေရောင်ခြည်က ပိုးမွှားတွေကို သတ်တဲ့နေရာမှာ အလွန်ကို ထိရောက်မှု ရှိပါတယ်။ ရာသီဥတုအရ မဖြစ်နိုင်ဘူးဆိုရင် မီးပူ ပြင်းပြင်းတိုက်ခြင်းကလည်း တူညီတဲ့အကျိုး ရရှိစေပြီး ကျန်နေတဲ့ပိုးမွှားတွေကို သေစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























