ခေါင်းအုံးအမျိုးမျိုး ပြောင်းအိပ်တာက အိပ်တဲ့အခါ ပိုပြီးဇိမ်ရှိစေတယ်ဆိုပဲ
အမေရိကန်မှာရှိတဲ့ National Sleep Foundation ရဲ့အဆိုအရ အမေရိကန်လူမျိုး 70% လောက်က သူတို့အိပ်ရာထဲမှာ ခေါင်းအုံး ၂ လုံးနဲ့အထက်ထားပြီး အိပ်ကြတယ်လို့ ဆိုပါတယ်။ 12% က အနည်းဆုံး ခေါင်းအုံး ၄ လုံး ထားအိပ်တယ်။ ပြီးတော့ လက်ထပ်ထားတဲ့သူထက်စာရင် တစ်ယောက်တည်း နေတဲ့သူတွေက ခေါင်းအုံးတစ်လုံးထက် ပိုထားတာကို တွေ့ရပါတယ်။
>> ဒီတော့ ဒီလူတွေက ခေါင်းအုံးတွေ အများကြီးနဲ့ အိပ်ရာထဲမှာ ဘာလုပ်ကြတာလဲ?
● ပထမဆုံးအချက်အနေနဲ့ ခေါင်းအုံးကို ခေါင်းမှာအုံးတာအပြင် အခြားနေရာတွေမှာလည်း သုံးချင်တဲ့သူတွေ ရှိပါတယ်။ ပြောချင်တာကတော့ ခေါင်းအုံးကို ခြေထောက်တွေကြားမှာ ညှပ်အိပ်တာ၊ ခါးအောက်မှာ ခံအိပ်တာ၊ ခေါင်းအုံးကို လက်နဲ့ဖက်ပြီး အိပ်တာတွေလည်း ရှိပါတယ်။
● တချို့ကျတော့ မြင့်မြင့်အိပ်ချင်တော့ ခေါင်းအောက်မှာ ခေါင်းအုံး ၂ လုံး၊ ၃လုံး ခံအိပ်တာတွေ ရှိပါတယ်။
● တချို့ကျတော့လည်း အိပ်ဖို့က ခေါင်းအုံးတစ်လုံး၊ မအိပ်ခင်မှာ စာဖတ်ဖို့က ခေါင်းအုံးတစ်လုံး စသည်ဖြင့် အမျိုးမျိုး သုံးကြတာလည်း ရှိပါတယ်။
● တချို့ကျတော့လည်း ဟိုတယ်တွေမှာလို ခုတင်ပေါ်မှာ အလှဆင်ဖို့ ခေါင်းအုံးတွေ ထားထားတာ ရှိပါတယ်။
ခေါင်းအုံးတွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းပြီးအိပ်တာက ပိုအိပ်လို့ ကောင်းပြီးတော့ သက်သောင့်သက်သာ ဖြစ်တယ်လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။
>> ခေါင်းအုံးတွေ တစ်မျိုးပြီးတစ်မျိုး လှည့်အိပ်တယ်ဆိုတာဘာလဲ?
ပြောချင်တာကတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီးတော့ တစ်ညနဲ့တစ်ည အုံးအိပ်တဲ့ ခေါင်းအုံးအမျိုးအစားတွေ မတူပါဘူး။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေက ပြောင်းလဲနေတော့ သက်သောင့်သက်သာဖြစ်ဖို့ လိုအပ်ချက်ကလည်း ပြောင်းနေပါတယ်။
ရက်သတ်တပတ်တွေအတွင်းမှာ ခန္ဓာကိုယ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပြောင်းလဲစေတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
● အလုပ်မှာ ဖိစီးမှုတွေ များရင်လည်း ကြွက်သားတွေကို သက်ရောက်မှု ရှိစေပါတယ်။
● တစ်နေ့တစ်နေ့ လေ့ကျင့်ခန်း ဘယ်လောက်လုပ်တာ (သို့) ကိုယ်လက်လှုပ်ရှားမှုတွေ ဘယ်လောက်လုပ်တယ်ဆိုတာ
● ဘာတွေစားသောက်လဲ ဆိုတာ
● ဟော်မုန်းတွေ ဘယ်လို အတက်အကျရှိနေလဲ အထူးသဖြင့်အမျိုးသမီးတွေ ရာသီလာချိန် (သို့) သွေးဆုံးခါနီးအချိန်တွေ
● ကိုက်တာ ခဲတာတွေက ဘယ်လိုဖြစ်ပြီး ပျောက်လဲ
နေထိုင်မှုပုံစံ အပြောင်းအလဲတွေနဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေက ညဘက်မှာ ခန္ဓာကိုယ် ခံစားရမှုကို လာသက်ရောက်ပြီးတော့ အိပ်စက်တာကိုပါ လာထိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့အပြောင်းအလဲ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ ခေါင်းအုံးပုံစံ အမျိုးမျိုးက ထောက်ပံ့ပေးပါတယ်။
ဥပမာဆိုရင် ရုံးပိတ်ရက်၊ အလုပ်နားရက်မှာ တစ်ရေးတစ်မော အိပ်ပြီး အနားယူနေရင် နူးညံ့ညင်သာတဲ့ ခေါင်းအုံးလေးကို အုံးပြီးဖက်ပြီးအိပ်ချင်နိုင်သလို အလုပ်များတဲ့ရက်တွေ အလုပ်တွေ ဆက်တိုက်လုပ်ရပြီဆိုရင် ခေါင်းအုံးမာမာလေးအုံးပြီး အိပ်ချင်တာမျိုးတွေ ဖြစ်ပါတယ်။
အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ခေါင်းအုံးပုံစံတွေ အမျိုးအစားတွေ အမျိုးမျိုးရှိတဲ့အထဲကမှ ကိုယ့်ခန္ဓာကိုယ် လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမယ့် ခေါင်းအုံးအမျိုးအစားတွေကို ရွေးချယ်ပြောင်းလဲပြီး အိပ်လို့ရပါတယ်။ ကိုယ့်သဘောကိုယ့် လိုအပ်ချက်အရ ခေါင်းအုံးပျော့ပျော့နဲ့မာမာ၊ ခေါင်းအုံးထူထူနဲ့ပါးပါး စသည်ဖြင့် ပြောင်းလဲအသုံးပြုလို့ ရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























