ခေါင်း ခိုက်မိပြီးနောက်ပိုင်း အိပ်မပျော်ဖြစ်နေလား?
ခေါင်းကို ခိုက်မိပြီးနောက်ပိုင်းမှာ အိပ်မပျော်ဘူးဆိုတာ အဖြစ်များတဲ့ပြဿနာတစ်ခုပဲ ဖြစ်တယ်။
ညဘက် အိပ်မပျော်တာက နာလန်ထချိန်ကို အမျိုးမျိုး အနှောင့်အယှက်ဖြစ်စေတယ်။ ညဘက်ကောင်းကောင်းမအိပ်တဲ့အခါမှာ နောက်နေ့မှာ တစ်နေကုန်နုံးနေတတ်တယ်။ အဲဒါကြောင့် အာရုံစူးစိုက်တဲ့အခါ ပိုပြီးတော့ခက်လာပြီး ပိုအားစိုက်ထုတ်ရတယ်။ ပြီးတော့ နုံးနေတဲ့အခါမှာ မှတ်ဉာဏ်ကလည်း ကောင်းကောင်းမမှတ်နိုင်တော့ဘူး။
ည အိပ်မပျော်လို့ နုံးနေတဲ့အခါ လူမှုဆက်ဆံရေးမှာလည်း လိုသလောက်ကို အားစိုက်မထုတ်နိုင်တော့ဘူး။ အဲဒါကြောင့် ဒီလိုအိပ်မပျော်ဘဲ နုံးနေတယ်ဆိုရင် နာလန်ထူတာ နှောင့်နှေးနေပါလိမ့်မယ်။
အိပ်တဲ့အချိန်မှာ ဦးနှောက်ဟာ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို စတင်ပြီးတော့ အမှိုက်တွေ စွန့်ပစ်တယ်။ အိပ်ရေးဝဝမရတဲ့အခါမှာ ဒီဖြစ်စဉ်လည်း နှောင့်နှေးသွားနိုင်ပြီး ဆဲလ်တွေကိုတောင် သေကြေစေနိုင်တယ်လို့ သိရတယ်။
အဲဒါကြောင့် အိပ်ရေးမဝခြင်းဟာ ခေါင်းထိခိုက်မှုမှာ အရမ်းကို အရေးပါတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာတာပေါ့။
အဲဒါဆိုရင် ခေါင်းထိခိုက်မိပြီးနောက်ပိုင်း ဘာကြောင့် ညအိပ်မပျော်ရတာလဲ ဆိုတာကနေ စပြီးပြောပြမယ်နော်။
● အအိပ်၊ အနိုးကို ထိန်းချုပ်ထားတဲ့ ဦးနှောက်နေရာ ပျက်စီးသွားရင် တိုက်ရိုက်ကြီး အိပ်တာကို အနှောင့်အယှက် ဖြစ်စေတယ်။ အိပ်ရမယ့်အချိန်၊ နိုးရမယ့်အချိန်တွေကို ဒီလိုနေ့ညနရီမှန်စေတဲ့နေရာကနေ လှုံဆော်ပေးတယ်။
● ဦးနှောက်ကို ထိခိုက်ပြီးနောက်ပိုင်းမှာ ညအိပ်ချိန် ထုတ်သင့်တဲ့ အာရုံကြော ဆက်သွယ်ပစ္စည်းတွေ ပုံမှန်မထုတ်နိုင်တဲ့အတွက်လို့ တချို့က ယူဆကြတယ်။ ဆိုလိုချင်တာက ဦးနှောက်ဟာ အိပ်ပျော်တဲ့အနေအထားကို မဝင်နိုင်တာ၊ ဒါမှမဟုတ် တောက်လျှောက် အိပ်မပျော်နိုင်တာမျိုး ဖြစ်နေလိမ့်မယ်။ အိပ်ချိန်စက်ဝန်းဟာလည်း ပြောင်းလဲလာပြီး အိပ်မက်မက်တဲ့အချိန်ဖြစ်တဲ့ မျက်လုံးလှုပ်ရှားမှုမြန်တဲ့အဆင့် rapid eye movement ပုံမမှန်တာမျိုးတွေ ဖြစ်လာတတ်တယ်။
ပြီးတော့ နောက်ထပ် အိပ်မပျော်စေတဲ့ အကြောင်းရင်းတွေလည်း ရှိသေးတယ်။
● ခေါင်း ထိခိုက်မိပြီးတဲ့နောက်ပိုင်းမှာ စိတ်ဓာတ်ကျတတ်တယ်။ စိတ်ဓာတ်ကျနေတဲ့အခါ အိပ်မပျော်တာလည်း ပိုဆိုးလာတတ်တယ်။ အထူးသဖြင့် ခေါင်းကို အနည်းအကျဉ်းလောက်ပဲ ထိခိုက်မိတာမျိုးမှာ ပိုဖြစ်နိုင်တယ်။ ဒီလိုစိတ်ဓာတ်ကျနေတဲ့အခါ စိတ်ဆရာဝန်နဲ့ သေချာပြသင့်တယ်နော်။
● ခေါင်းထိခိုက်တာကြောင့် သောက်ရတဲ့ဆေးတွေကြောင့်လည်း အိပ်မပျော်တတ်သလို နာနေရင်လည်း အိပ်မပျော် ဖြစ်တတ်တယ်။
ည အိပ်မပျော်တာကို ပေါ့ပေါ့မထားဘဲ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ပြသပြီး ဘာကြောင့်ဖြစ်နေလဲဆိုတာကို လိုက်ရှာရမယ်။
>> ခေါင်းထိခိုက်မှုကြောင့် ညအိပ်မပျော်တာကို ဘယ်လိုကုကြမလဲဆိုတာလည်း သိချင်နေကြမှာပေါ့။
အသိစိတ်ကို ပြုပြင်ပေးတဲ့ cognitive behavioural therapy ဆိုတာက တစ်ခါတလေ သက်သာစေနိုင်တယ်။ ဒီကုသမှုမှာ အိပ်ရာကိုနေ့တိုင်း ပုံမှန်အချိန်မှန်ဝင်တာ၊ မနက်မှာ အချိန်မှန် ထတာမျိုးတွေလည်း ပါ,ပါတယ်။
နောက်ပြီးတော့ နဂိုကတည်းက ဦးနှောက်က ဘယ်အချိန်မှာနားပြီး ဘယ်အချိန်မှာ နိုးရမယ်ဆိုတာ မသိဖြစ်နေတာကို ညအိပ်ခါနီး စိတ်လှုပ်ရှားစရာ ရုပ်ရှင်တွေကြည့်တာ၊ လေ့ကျင့်ခန်းတွေ ထလုပ်တာမျိုး မလုပ်ဖို့လိုတယ်။
ကော်ဖီ၊ လက်ဖက်ရည်၊ ချော့ကလက်၊ အားဖြည့်အချိုရည်တွေမှာပါတဲ့ ကဖိန်းဓာတ်ကို နေ့လယ်နေ့ခင်း ကတည်းက လျှော့ချရမယ်။
ခေါင်းထိခိုက်မှုကို ကုခဲ့တဲ့ဆရာဝန်တွေကလည်း အိပ်မပျော်စေတဲ့ဆေးတွေ၊ တခြားအကြောင်းရင်းတွေကို လိုက်ရှာပြီးတော့ ဘယ်လိုပုံမှန် အအိပ်အနိုးစက်ဝန်းကို ပြန်ထိန်းသိမ်းနိုင်မလဲဆိုတဲ့ နည်းလမ်းကို သေချာလိုက်ရှာဖို့ လိုတယ်။ လူနာနဲ့ဆရာဝန် နှစ်ယောက် ပေါင်းစပ်ပြီးတော့ ကြိုးစားကြရင် ပျောက်ကင်းနိုင်ပါလိမ့်မယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























