/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခံတွင်းကင်ဆာတဲ့လား

ခံတွင်းကင်ဆာတဲ့လား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခံတွင်းကင်ဆာလို့ ပြောလိုက်ရင် အတော်များများက အံ့သြတကြီး ကြည့်တတ်ကြတယ်နော်။ ပတ်ဝန်းကျင်မှာလည်း ကြားနေကျမှ မဟုတ်တာကိုး။ ဒါပေမဲ့လည်း ခံတွင်းကင်ဆာဆိုတာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါပဲ။ လူတွေ သိပ်မသိကြတဲ့ ခံတွင်းကင်ဆာအကြောင်းလေး ပြောပြပေးမယ်နော်။

 

>>     ခံတွင်းထဲမှာရှိတဲ့ ဘယ်အစိတ်အပိုင်းမဆို ကင်ဆာ ဖြစ်နိုင်ပါတယ်။

●        နှုတ်ခမ်း

●        သွားဖုံး

●        လျှာ

●        ပါးစောင်

●        အာခေါင်

●        လျှာခင် စသဖြင့်ပေါ့။

 

          ခံတွင်းကင်ဆာဟာ ခေါင်းနဲ့ လည်ပင်းကင်ဆာ အစုအဝေးထဲမှာ ပါပါတယ်။ ကုသနည်းကလည်း တူတူပါပဲ။

 

>>     သူ့ရဲ့ရောဂါလက္ခဏာတွေအနေနဲ့ -

●        နှုတ်ခမ်း ဒါမှမဟုတ် ပါးစပ်မှာ အနာ မကျက်တော့တာ

●        ပါးစောင်တွင်းမှာ အဖြူကွက်တို့၊ အနီကွက်တို့ ဖြစ်လာတာ

●        သွား မခိုင်တော့တာ

●        ပါးစပ််ထဲ အကျိတ်တွေ ဖြစ်လာတာ

●        ပါးစပ်နာတာ

●        နားနာတာ

●        မျိုရခက်တာတွေ ဖြစ်တတ်ပါတယ်။

 

>>    ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်သလဲဆိုရင် -

          အပေါ်မှာ ပြောခဲ့တဲ့ ရောဂါလက္ခဏာတွေဟာ ၂ ပတ်ထက် ပိုပြီးတော့ ကြာနေပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပြီပေါ့။ ဆရာဝန်က ပိုးဝင်တာလိုမျိုး တခြား ပိုဖြစ်တတ်တဲ့ရောဂါတွေကို အရင်ရှာဖွေပါလိမ့်မယ်။

 

>>    ခံတွင်းကင်ဆာ ဘာလို့ဖြစ်?

          နှုတ်ခမ်းဆဲလ်တွေ၊ ပါးစပ်ဆဲလ်တွေမှာ မျိုးရိုးဗီဇ အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ ပါးစပ်ကင်ဆာ ဖြစ်လာတော့တာပါပဲ။ ဆဲလ်တစ်မျိုးရဲ့ ဒီအန်အေမှာ ဒီဆဲလ်ကို ကြီးထွားမယ်၊ ရပ်တန့်မယ်စသဖြင့် လမ်းညွှန်ချက်တွေ ပါဝင်ပါတယ်။ ဒီလို ဆဲလ်တစ်လုံးရဲ့ ဒီအန်အေမျိုးရိုးဗီဇတွေ အပြောင်းအလဲဖြစ်တဲ့အခါ ဒီဆဲလ်က တောက်လျှောက် ဆက်ပွားနေပြီး ပုံမှန်ဆဲလ်တွေ သေကြေပျက်စီးပါတော့တယ်။ ဒီလို ပုံမမှန်ဆဲလ်တွေ စုပုံလာတဲ့အခါ အကျိတ်ဖြစ်လာတော့တာပေါ့။ ကြာလာတာနဲ့အမျှ ပါးစပ်အပြင် တခြား ခေါင်းနဲ့လည်ပင်းတွေ၊ ခန္ဓာကိုယ် တခြားအစိတ်အပိုင်းတွေမှာ ပွားလာတတ်ပါတယ်။

          ခံတွင်းကင်ဆာဟာ နှုတ်ခမ်းနဲ့ ပါးစောင်တွင်းကို ကာရံထားတဲ့ Squamous cells ဆဲလ်အပြားလေးတွေကနေ စဖြစ်တတ်ပါတယ်။

          ဘာကြောင့် ဒီဆဲလ်အပြားလေးတွေမှာ ကင်ဆာဖြစ်တာလဲဆိုတာတော့ ပြောရခက်ပါတယ်။ ဖြစ်ဖို့ အခွင့်အလမ်းများစေတဲ့ အကြောင်းရင်းတွေကတော့ -

●        ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးရွက်ကြီးစတဲ့ ဆေးလိပ်အမျိုးမျိုး

●        အရက် အလွန်အကျွံသောက်ခြင်း

●        နှုတ်ခမ်းကို နေရောင် အလွန်အကျွံထိတွေ့ခြင်း

●        လိင်မှတစ်ဆင့် ကူးစက်တဲ့ ကြွက်နို့ပိုး

●        ခုခံအား လျော့နည်းခြင်း စတာတွေပါပဲ။

 

>>    ကာကွယ်နည်းတွေကတော့ -

          ခံတွင်းကင်ဆာကို ကာကွယ်ဖို့ နည်းလမ်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ -

●        ဆေးလိပ်ကို ရပ်လိုက်ပါ။ ဒါမှမဟုတ် စကို မသောက်ပါနဲ့။

          ဆေးလိပ်သောက်တတ်ရင် ရပ်လိုက်ပါ။ ဆေးလိပ် မသောက်တတ်ရင်လည်း စကို မသောက်ပါနဲ့။ ဆေးလိပ်ပဲသောက်သောက်၊ ဆေးရွက်ကြီးပဲဝါးဝါး၊ ပါးစပ်ထဲက ဆဲလ်တွေနဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ထိတွေ့ရတဲ့အတွက် လုံးလုံးမကောင်းပါဘူး။

 

●        အရက် သောက်တတ်ရင်တောင် အသင့်အတင့်ပဲ သောက်ပါ။

          ရေရှည် အရက်စွဲသောက်ရင် ပါးစပ်ထဲမှာရှိတဲ့ဆဲလ်တွေကို သွားသွားဆွသလို ဖြစ်တာကြောင့် ခံတွင်းကင်ဆာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်ရင်တောင် အသင့်အတင့်ပဲသောက်ပါ။ အသင့်အတင့်ဆိုတာ အမျိုးသမီးတိုင်းနဲ့ အသက် ၆၅ နှစ်အထက် အမျိုးသားတွေဆိုရင် တစ်နေ့တစ်ခွက်၊ အသက် ၆၅ နှစ်အောက် အမျိုးသားတွေဆိုရင် တစ်နေ့ နှစ်ခွက်လောက်ပါ။

 

●        နှုတ်ခမ်းကို နေရောင် အလွန်အကျွံ မထိတွေ့ပါစေနဲ့။

          အရိပ်ထဲ တတ်နိုင်သလောက် နေပေးခြင်းဖြင့် နှုတ်ခမ်းအသားကို ကာကွယ်ပါ။ ပါးစပ်အပါအဝင် မျက်နှာတစ်ခုလုံးကို ကာကွယ်ပေးနိုင်တဲ့ ပြန့်ကျယ်ကျယ်ဦးထုပ်မျိုးကို ဆောင်းပါ။ နှုတ်ခမ်းနေရောင်ကာခရင်မ် လိမ်းဆေးလေး လိမ်းပေးပါ။

 

●        သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ။

          ပုံမှန် သွားစစ်ဆေးမှုအနေနဲ့ ပါးစပ်ထဲမှာ ပုံမမှန်တာတစ်ခုခု ရှိ၊ မရှိကို သေချာစစ်ဆေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)