ခံတွင်းကင်ဆာမဖြစ်အောင် ဘယ်လိုနေမလဲ?
1. ဟင်းသီးဟင်းရွက်နှင့် သစ်သီး များများစားပါ။
အာဟာရဓာတ် မပြည့်၀ခြင်းက ခံတွင်းကင်ဆာကို ဖြစ်နိုင်ခြေ များစေပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေမှာ ပါ၀င်တဲ့ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်တွေကတော့ ခုခံအားစနစ်ကို အားဖြည့်ပေးပြီးတော့ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးစေပါတယ်။ မုန်လာဥနီ၊ သခွားမွှေးသီးနဲ့ မုန်ညှင်း စတာတွေက ခံတွင်းကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။
2. စနစ်တကျ ချက်ပြုတ်စားသောက်ပါ။
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကနေပြီးတော့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေကို အပြည့်အ၀ရဖို့အတွက် အရွက်တွေကို ချက်ပြုတ်စားရမှာလား၊ အစိမ်းစားရမှာလားဆိုတာကို သိထားဖို့ လိုပါတယ်။ အချို့သော အသီးအရွက်တွေက အစိမ်းစားမှသာ အာနိသင်အပြည့်အ၀ ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ အသီးအရွက်တွေကို ချက်စားမယ်ဆိုရင်လည်း နွမ်းရုံလောက်သာ ချက်ပြုတ်သင့်ပါတယ်။ ဒါ့အပြင် အကြော်ဆီတွေက အပူချိန်ပြင်းပြင်း ထိတွေ့တဲ့အခါ ကင်ဆာဖြစ်စေတဲ့အရာတွေအဖြစ် ပြောင်းလဲသွားနိုင်တဲ့အတွက် အစားအစာတွေကို ကြော်စားမယ့်အစား ဖုတ်၊ ကင်၊ ပြုတ်၊ ပေါင်းပြီးတော့ စားတာ ပိုကောင်းပါတယ်။
3. နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။
နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းက အရေပြားကင်ဆာသာမက နှုတ်ခမ်းပြဿနာလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည် အပူပြင်းဆုံးဖြစ်တဲ့ မွန်းတည့်နေနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ တကယ်လို့ အပြင်ထွက်မယ်ဆိုရင် မျက်နှာလုံတဲ့ ပြန့်ကျယ်တဲ့ ဦးထုပ်ကြီးကြီးကို ဆောင်းသွားရပါမယ်။ ပြီးတော့ SPF အနည်းဆုံး 15 ပါ၀င်တဲ့ နှုတ်ခမ်းလိမ်းခရင်မ်ကို လိမ်းပါ။
4. အရက်ဖြတ်ပါ။
နှစ်အတော်အကြာ အရက်သောက်ခြင်းက ခံတွင်းကင််ဆာကို ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို အရက် 3 to 4 သောက်ခြင်းက ခံတွင်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို မဖြတ်နိုင်ဘူးဆိုရင်တောင် အမျိုးသမိးဆိုရင် အရက် တစ်နေ့ကို တစ်ခွက်၊ အမျိုးသားဆိုရင် နှစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။
5. သွားဆရာ၀န်နဲ့ ပုံမှန်စစ်ဆေးပါ။
သွားဆရာ၀န်ဆီကို သွားတစ်ခုခုဖြစ်မှ မသွားဘဲနဲ့ ပုံမှန်သွားရောက် စစ်ဆေးခြင်းအားဖြင့် ရောဂါလက္ခဏာတွေကို စောစောသိပြီး စောစောကုသနိုင်ပါတယ်။ ဒါကြောင့် သွားဆရာ၀န်နဲ့ ပုံမှန်စစ်ဆေးပြသင့်ပါတယ်။
6. မိမိခံတွင်းကို မိမိဘာသာ တစ်လတစ်ခါ စစ်ဆေးပါ။
သွားဆရာ၀န်ဆီ မသွားခင်စပ်ကြားမှာ ကိုယ့်ဟာကိုယ် စစ်ကြည့်နိုင်ပါတယ်။ တစ်လတစ်ကြိမ် မှန်ရှေ့မှာ ပါးစပ်ကို ကျယ်ကျယ်ဟပြီးတော့ ပါးစပ်ထဲမှာ အနာတွေ ပုံမှန်မဟုတ်တဲ့ အနီဖတ်၊ အဖြူဖတ်တွေ ကပ်နေလားဆိုတာ ပုံမှန်စစ်ဆေးကြည့်ရပါမယ်။ ပါးစပ်အောက်ခြေ၊ အာခေါင်၊ လျှာ၊ သွားဖုံး၊ ပါးစောင်နဲ့ နှုတ်ခမ်းအတွင်းပိုင်းတွေပါမကျန် သေချာစစ်ဆေးပါ။ သံသယဖြစ်စရာတစ်ခုခု တွေ့ပါက သွားဆရာ၀န်နဲ့ ချက်ချင်းပြသပါ။
7. လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်တဲ့ HPV မဖြစ်အောင် ကာကွယ်ပါ။
HPV က အဖြစ်များတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ အများအားဖြင့် ဘာပြဿနာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ တချို့လူတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေးကတော့ လိင်ဆက်ဆံမှုတွေမဖြစ်ခင်မှာ ထိုးထားရင် အကောင်းဆုံးပါပဲ။ လိင်ဆက်ဆံမှုပြုရာမှာ အန္တရာယ်ကင်းတဲ့နည်းလမ်းတွေ အသုံးပြုခြင်း၊ လိင်ဆက်ဆံဘက် လျှော့ချခြင်းအားဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
8. ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ် ဖြတ်တာက ကျွန်ုပ်တို့ရဲ့ ခံတွင်းသာမက တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ ဆေးလိပ်သောက်တဲ့သက်တမ်း ကြာလေလေ ကင်ဆာဖြစ်နိုင်ခြေ များလေလေပါပဲ။ ဆေးလိပ် အကြာကြီး သောက်ခဲ့မယ်ဆိုရင်တောင် အခုဖြတ်ရင် အခုအကျိုးရှိပါတယ်။ ကင်ဆာဖြစ်နေချိန်မှာ ဆေးလိပ်ဖြတ်လိုက်ခြင်းက ကုထုံးတွေကို ပိုမိုအကျိုးသက်ရောက်မှု ရှိစေပါတယ်။
9. တစ်ဆင့်ခံ ဆေးလိပ်ငွေ့ မရှူမိအောင် နေပါ။
ကိုယ်ဆေးလိပ် မသောက်ရင်တောင် ဆေးလိပ်သောက်တတ်သူတွေနဲ့ ေ၀းေ၀းနေပါ။ ဆေးလိပ်သောက်သူတွေနဲ့ အတူနေတာ ကြာပါက ခံတွင်းနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။
10. ကွမ်း ဖြတ်ပါ။
ဆေးရွက်ကြီးက ကျန်းမာရေးအတွက် လုံး၀ကောင်းကျိုးမရှိပါဘူး။ ကွမ်းအကြာကြီး စားခဲ့မယ်ဆိုရင်တောင် အခုဖြတ်လိုက်ခြင်းအားဖြင့် ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။
11. အံကပ်တွေကကော ပြဿနာဖြစ်နိုင်သလား။
ကောင်းကောင်းအံမကျတဲ့ အံကပ်တွေ၊ ချွန်ထက်စူးရှတဲ့ သွားတွေကြောင့် ခံတွင်းကို ထိခိုက်ဒဏ်ရာတွေ ရစေပြီး ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ သေချာတော့ သက်သေမပြနိုင်သေးပါဘူး။
>> သွားတိုက်ခြင်းနှင့် သွားပွတ်ကြိုးများ
တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ခြင်းနှင့် အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုးနဲ့ ပွတ်တိုက်သန့်စင်ပေးခြင်းက ခံတွင်းကျန်းမာရေးအတွက် ကောင်းပါတယ်။
>> ခံတွင်းသန့်ဆေးရည်ကကော အကျိုးပြုပါသလား။
လေ့လာမှုအချို့အရ အရက်ပြန်ပါ၀င်မှုများတဲ့ ခံတွင်းသန့်ဆေးရည်တွေက ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုကြပေမယ့် ခိုင်မာတဲ့ အထောက်အထားတော့ မရှိပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























