ခံတွင်းကင်ဆာလက္ခဏာ
ကင်ဆာတွေထဲမှာမှ ခံတွင်းကင်ဆာကလည်း မြန်မာပြည်မှာ အဖြစ်များလာပါတယ်။
ရောဂါတစ်ခုဖြစ်လာရင် စောစောသိ စောစောကုတာကတော့ အရေးကြီးဆုံအချက်ပါပဲ။
ခံတွင်းကင်ဆာရဲ့ ပထမဆုံးသောလက္ခဏာကတော့ ပါးစပ်ထဲမှာ အနာပေါက်တာကနေပြီးတော့ အနာမကျက်တော့တာပါ။ အများအားဖြင့်တော့ ဒီအနာက လျှာပေါ်မှာ၊ အောက်ခံတွင်းမှာ၊ ပါးစောင်မှာ အဖြူရောင် (သို့) အနီရောင်ကြွနေတဲ့ အနာတွေအနေနဲ့ တွေ့ရများပါတယ်။ ဒီအနာက ၂ ပတ်၊ ၃ ပတ်နေလို့မှ မပျောက်ရင်တော့ ဆရာဝန်သေချာပြပြီး လိုအပ်တာတွေကို ဆက်ပြီး စစ်ဆေးဖို့ လိုပါတယ်။
တချို့လူတွေမှာ ပါးစပ်မှာ အနာတွေ ပေါက်လိုက်၊ ပျောက်လိုက်ဖြစ်တာ မဆန်းပေမယ့် ပါးစပ်ထဲမှာ အနာပေါက်ပြီးတော့ မပျောက်တော့ဘဲဆက်ရှိနေရင်တော့ ပိုဆိုးတဲ့ပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်။ သွားဆရာဝန် (သို့) ဆရာဝန်တစ်ယောက်ယောက်ဆီကို သွားပြပြီး သေချာစစ်ဆေးဖို့ လိုပါတယ်။
အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ အဆိုအရ ဒီနှစ်ထဲမှာ ခံတွင်းကင်ဆာဖြစ်သူပေါင်း ငါးသောင်းကျေ်ာရှိပြီးတော့ နှစ်စဉ် ခံတွင်းကင်ဆာကြောင့် သေဆုံးသူပေါင်း တစ်သောင်းကျော် ရှိပါတယ်။
ကင်ဆာဆိုတာကို စောစောသိလေ အသက်ရှင်သန်နိုင်နှုန်းက ပိုများလေပါပဲ။ စောစောသိရင် ခွဲစိတ်ကုသလို့ ရနိုင်ပါတယ်။
>> ခံတွင်းကင်ဆာလက္ခဏာတွေကတော့ -
● ပါးစပ်၊ နှုတ်ခမ်းပေါ်ကအနာတွေ မကျက်ခြင်း
● ပါးစပ်၊ သွားဖုံး၊ လျှာ၊ အာသီးတွေပေါ်မှာ အနီ (သို့) အဖြူကွက်များတွေ့ခြင်း
● ပါးစပ်၊ သွားပတ်ဝန်းကျင်၊ မေးရိုးတွေ အမြဲနာနေခြင်း
● ပါးစပ်က သွေးထွက်ခြင်း
● ပါးမှာ အလုံးတွေ့ခြင်း
● မေးရိုးရောင်ခြင်း
● သွားတွေ နဲ့လာခြင်း
● လည်ပင်းအကျိတ်ထွက်ခြင်း
● အသံတွေ ပြောင်းလာခြင်း
ပူတဲ့ စပ်တဲ့ အစားအစာတွေစားရင် ပါးစပ်ကြီးတစ်ခုလုံး ပူနေတတ်ပေမယ့် ဘယ်နေရာကတော့ ပိုပူနေတယ်လို့ မရှိပါဘူး။ ဒီလိုမှမဟုတ်ဘဲ ပူစပ်ပူလောင်ကြီး ဖြစ်နေတာက တစ်ဖက်နဲ့တစ်ဖက်မတူဘဲနဲ့ ပါးစပ်တစ်နေရာထဲမှာကွက်ပြီး ဖြစ်နေတာဆိုရင်တော့ ဆေးခန်းသွားပြဖို့ လိုပါတယ်။
ပြီးတော့ သွားဖုံးကင်ဆာတွေမှာဆိုရင်လည်း သွားဖုံး တစ်နေရာရာကနေပြီးတော့ သွေးတွေ ထွက်တတ်ပါတယ်။ ဒီလိုတွေဖြစ်နေရင်လည်း ဆေးခန်းသွားပြီး စောစောစစ်ကြည့်တာ အကောင်းဆုံးပါပဲ။
>> ခံတွင်းကင်ဆာဖြစ်နိုင်ချေ များစေတဲ့အချက်တွေ -
● ဆေးရွက်ကြီးငုံခြင်း၊ စားခြင်း
● အရက်သောက်ခြင်း
● HPV ဆိုတဲ့ဗိုင်းရပ်စ်ပိုးရှိခြင်း
● အမျိုးသားများ - ခံတွင်းကင်ဆာက အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ၂ ဆပိုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အရက်၊ ဆေးလိပ်၊ ကွမ်းစားတာတွေက အမျိုးသားတွေမှာ ပိုများလို့ပါ။
● အသက်ကြီးလာတာကလည်း ခံတွင်းကင်ဆာ ဖြစ်နိုင်ချေကို များစေပါတယ်။
● နေရောင်ခြည်နဲ့ ထိတွေ့မှု - နှုတ်ခမ်းကင်ဆာ ဖြစ်နိုင်ချေကို များစေပါတယ်။
● တချို့သောရောဂါများရှိခြင်း
အရက်နဲ့ ဆေးရွက်ကြီး၊ ဆေးလိပ် စတာတွေကို သုံးစွဲခြင်း အထူးသဖြင့် အလွန်အကျွံ သုံးစွဲမယ်ဆိုရင် ခံတွင်းကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ ခံတွင်းကင်ဆာမဖြစ်အောင် ာကွယ်ဖို့ အရေးကြီးဆုံးအချက်ကတော့ ဆေးလိပ်မသောက်ဖို့၊ ကွမ်းမစား၊ ဆေးရွက်ကြီး မငုံဖို့ပါပဲ။
ခံတွင်းကင်ဆာ ဖြစ်လာပြီဆိုရင်တော့ ခွဲစိတ်ကုသတာကတော့ အခြေခံအကျဆုံး ကုသမှုပါ။ ခွဲစိတ်မှုကတော့ ကင်ဆာကြီးထွားပျံ့နှံ့မှုပေါ်မှာ မူတည်ပါတယ်။ ခွဲစိတ်တာအပြင် ဓာတ်ကင်တာ၊ ကင်ဆာဆေးသွင်း ကုသတာတွေလည်းလုပ်ဖို့ လိုပါတယ်။ ကင်ဆာဆိုရင်တော့ စောစောသိရင် ကုသမှု အောင်မြင်နိုင်ချေများပြီးတော့ သက်တမ်းလည်း ပိုရှည်နိုင်ပါတယ်။ ဒါကြောင့် လက္ခဏာတွေကို စောစောသိပြီးတော့ စောစောကုသမှုခံယူဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























