ခံတွင်းကျန်းမာစေဖို့ နည်းလမ်းများ
သွားဖုံးနဲ့ ခံတွင်းရောဂါတွေ မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ခံတွင်းကျန်းမာစေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာပါ။
1. သွားပွတ်ကြိုးနဲ့ ပွတ်တိုက်ပေးပါ။
သွားကြားထဲကို သွားပွတ်ကြိုးနဲ့ ပွတ်တိုက်ပေးခြင်းဖြင့် သွားတိုက်တံနဲ့ တိုက်လို့မရဘဲ ကျန်နေခဲ့တဲ့ အစာအကြွင်းအကျန်နဲ့ အဖတ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုးနဲ့ ပွတ်တိုက်ပေးဖို့ မမေ့ပါနဲ့။ ဘယ်အချိန် လုပ်ရမယ်ဆိုတာ အရေးမကြီးပါဘူး။ မနက်၊ ည၊ နေ့လည်စာစားပြီးချိန် ဘယ်အချိန်မဆို လုပ်လို့ရပါတယ်။ အဓိကကတော့ လုပ်ဖြစ်ဖို့ပါပဲ။
2. သွားဆရာဝန်ကို ပုံမှန်ပြပြီး စစ်ဆေးပေးပါ။
ပုံမှန်သွားစစ်ဆေးမှု ပြုလုပ်ခြင်းအားဖြင့် ခံတွင်းနဲ့ သွားဖုံးရောဂါတွေကို စောစောသိနို်င်ပြီး ရောဂါမဆိုးခင်မှာ ကုသမှုခံယူလို့ ရပါတယ်။ သွားမှာ ကွမ်းချိုးကပ်ခြင်း၊ အရက်ချိုးကပ်ခြင်းတွေကို သွားဆေးခန်းမှာ ပုံမှန်ခြစ်ပြီး သန့်ရှင်းပေးရပါမယ်။ သွားဖုံးရောင်ရောဂါ ရှိသူတွေအတွက် သွားတိုက်ခြင်း၊ သွားပွတ်ကြိုးနှင့် ပွတ်တို်က်ပေးခြင်း၊ ပုံမှန်သွားသန့်ရှင်းရေး ပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
3. ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းက သွားဖုံးရောဂါတွေနဲ့ အရမ်းကို ဆက်စပ်မှုရှိပါတယ်။ ဆေးလိပ်သောက်ခြင်းက ခုခံအားကို ကျဆင်းစေတဲ့အတွက် သွားဖုံးရောဂါဖြစ်စေတဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်းနည်းပြီး ရောဂါပိုဖြစ်စေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့သူတွေမှာ သွားဖုံးထိခိုက်ရင် အနာကျက်ဖို့ ခဲယဉ်းပါတယ်။
4. တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ။
အစာစားပြီးတိုင်း သွားတိုက်ခြင်းဖြင့် သွားကြားထဲမှာ ကျန်နေတဲ့ အစာအကြွင်းအကျန်တွွေနဲ့ အဖတ်တွေကို ဖယ်ရှားပေးစေပါတယ်။ သွားတိုက်တဲ့အခါ လျှာမှာ ဘက်တီးရီးယားပိုးတွေ ကပ်ကျန်မနေစေဖို့ လျှာကိုပါ သွားပွတ်တံနဲ့ ခြစ်ပေးပါ။ ကိုယ်နဲ့ ကိုက်ညီပြီး နူးညံ့တဲ့သွားတိုက်တံတွေကို ရွေးချယ်အသုံးပြုပါ။ သွားတိုက်တံကို 3-4 လတစ်ကြိမ် အသစ်လဲလှယ်ပေးပါ။
5. ဖလူအိုရိုက်ပါတဲ့ သွားတိုက်ဆေး ရွေးဝယ်ပါ။
သွားဖုံးရောင်ခြင်းကို သက်သာစေတဲ့၊ ခံတွင်းနံ့ ကောင်းစေတယ်၊ သွားဖြူစေတယ်ဆိုပြီး ကြော်ငြာထားတဲ့ သွားတိုက်ဆေးအမျိုးမျိုး တွေ့ရမှာပါ။ Fluoride ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်ဝယ်ယူပါ။
6. ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။
ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် အဖတ်တွေ ကပ်နေခြင်း၊ သွားဖုံးရောင်ခြင်း၊ ကွမ်းချိုး၊ အရက်ချိုးများကပ်ခြင်းကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ပလုတ်ကျင်းခြင်းဖြင့် အစားအစာ အကြွင်းအကျန်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























