/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခံတွင်းနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခံတွင်းနံ့ဆိုးတာကို စိတ်ညစ်လို့ ပျောက်စေဖို့အတွက် ပူရှိန်းတွေ စားတာကနေပြီးတော့ ခံတွင်းသန့်ဆေးရည်တွေအထိ နည်းလမ်းမျိုးစုံသုံးပြီး ခံတွင်းနံ့ကောင်းအောင် ကြိုးစားဖူးကြမှာပါ။ ဒီနည်းတွေနဲ့လည်း အလုပ်မဖြစ်ပြန်တဲ့အခါမှာတော့ ဘာပြသနာရှိနေလဲဆိုတာကို ရှာဖို့လိုလာပါပြီ။

          နှာခေါင်းအနောက်မှာရှိနေတဲ့ အခေါင်းပေါက်လေးတွေ ပိတ်နေရင် ခံတွင်းနံ့ကို ဆိုးစေပါတယ်။ နှာခေါင်းပေါက်မှာ နာတာရှည်ရောဂါပိုးဝင်နေရင်လည်း ခံတွင်းနံ့ ဆိုးစေပါတယ်။

          နှာခေါင်းနဲ့ လည်ချောင်းထဲမှာရှိနေတဲ့ ဂလင်းလေးတွေက အချွဲတွေကို အမြဲထုတ်ပေးနေပါတယ်။ ဒီအချွဲတွေက နှာခေါင်းနံရံတွေကို စိုစွတ်စေပြီးတော့ အပြင်က ဝင်လာတဲ့အရာတွေကို ဖယ်ရှားပေးသလို ဘက်တီးရီးယားပိုးတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ချေဖျက်ပေးခြင်းအားဖြင့် ရောဂါပိုးတွေကို တိုက်ဖျက်ပေးပါတယ်။

          နှာခေါင်းထဲမှာ ပိုနေတဲ့အချွဲတွေကို ဖယ်ရှားပစ်ရပါတယ်။ ဒီအချွဲတွေက တံတွေးနဲ့ ရောသွားပြီးတော့ မျိုချလိုက်တဲ့အချိန်မှာ လည်ချောင်းအနောက်ထဲကို စီးကျသွားပါတယ်။ ဒါပေမဲ့ အချွဲတွေက ပုံမှန်ထက် ပိုပြီးစေးပျစ်တဲ့အခါမှာတော့ လည်ချောင်းထဲမှာစုပုံလာတာ (သို့) နှာခေါင်းအနောက်ကနေပြန်ပြီး တစ်စက်စက် ကျနေတာကို post nasal drip လို့ ခေါ်ပါတယ်။

 

>>    Post nasal drip နဲ့ ခံတွင်းနံ့ဆိုးစေတဲ့ အခြေအနေတွေကတော့ -

●        အအေးမိ၊ တုပ်ကွေး

●        ဓာတ်မတည့်မှု

●        နှာရည်ယို၊ နှာပိတ်ခြင်း

●        သွေးတိုးကျဆေးတွေနဲ့ တားဆေးကဲ့သို့သော ဆေးဝါးအချို့

 

>>    Post nasal drip ကြောင့် ခံတွင်းနံ့ ဆိုးနေတာလားဆိုတာကို ဘယ်လိုသိနိုင်မလဲ?

          Post nasal drip ကြောင့် ခံတွင်းနံ့ ဆိုးတယ်ဆိုတာကို ပြတဲ့လက္ခဏာအချို့ ရှိပါတယ်။

●        လည်ချောင်း ခဏခဏ ရှင်းဖို့လိုခြင်း

●        လည်ချောင်းထဲမှာ တစ်ခုခု ရှိနေသလို ခံစားရခြင်း၊ အမြဲတစ်ခုခုကို မျိုချနေရခြင်း

●        နေမကောင်းမဖြစ်ဘဲ လည်ချောင်းပဲ ဆက်တိုက်နာနေခြင်း

●        အသက်ရှူ ခက်ခဲတာတွေလည်း ဖြစ်လေ့ရှိပါတယ်။

 

>>    ကုထုံးများ

●        ဘက်တီးရီးယားပိုး ဝင်တာဆိုရင် ပိုးသတ်ဆေးနဲ့ ကုဖို့လိုပါတယ်။ ဒါပေမဲလည်း ဒီဆေးတွေက ယာယီပဲ သက်သာတာပါ။ နာတာရှည်ဖြစ်တာ ဆိုရင်တော့ ခွဲစိတ်မှုခံယူဖို့ လိုပါတယ်။

●        ဓာတ်မတည့်တာအတွက်တော့ ကိုယ်နဲ့ ဓာတ်မတည့်ဖြစ်စေတဲ့ ပန်းဝတ်မှုန်၊ အစားအစာ စတာတွေကို ရှောင်ပါ။

●        ဆရာဝန်က steroids ဖြန်းဆေးတွေ ညွှန်နိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanamar.com)