ချက်ထဲမှာ ညစ်ပတ်နေလား?
တစ်ကိုယ်ရည် သန့်ရှင်းမှုလို့ ပြောလိုက်ချိန်မှာ ချက်ကိုတော့ ထည့်မစဉ်းစားမိဘူး မဟုတ်လား? တစ်ကိုယ်လုံး သန့်ရှင်းဖို့ဆိုရင် ချက်ပါ သန့်ရှင်းဖို့ လိုတာပေါ့။ ၂၀၁၂ ခုနှစ် လေ့လာမှုအရဆိုရင် ချက်မှာ ဘတ်တီးရီးယားပိုး ၆၇ မျိုးလောက် ရှိတယ်လို့ သိရတယ်နော်။
>> အတွင်းဝင်နေတဲ့ချက်ကို ဘယ်လိုသန့်ရှင်းအောင် လုပ်ကြမလဲ?
ရေမချိုးခင်မှာ -
၁။ ဂွမ်းကို အရက်ပြန်ဆွတ်ပြီး ချက်ထဲကို သေချာပွတ်ဆေးလိုက်ပါ။ ဂွမ်း ညစ်ပတ်လာပြီဆိုရင် ပစ်လိုက်ပြီးတော့ အသစ်လဲလိုက်ပါတော့။
၂။ တကယ်လို့ ဂွမ်း ဒီ့ထက် မညစ်ပတ်တော့ဘူးဆိုရင် ဂွမ်းကို ရေဆွတ်ပြီး အရက်ပြန်တွေ ကုန်အောင် သုတ်ပေးလိုက်ပါ။
၃။ ရေချိုးပြီးသွားရင်တော့ ချက်ထဲကို ဂွမ်းခြောက်လေးနဲ့ဖြစ်ဖြစ်၊ တဘက်လေးနဲ့ဖြစ်ဖြစ် သုတ်ပေးလိုက်ပါ။
ရေချိုးပြီး လိုးရှင်းလိမ်းတတ်တယ်ဆိုရင် ချက်ထဲ သွားမလိမ်းမိပါစေနဲ့။ လိုးရှင်းက အစိုဓာတ်က အတွင်းထဲမှာ ဘက်တီးရီးယားတွေ ပွားလာစေတာကြောင့် ချက်က ပြန်ပြီးညစ်ပတ်သွားမှာပါပဲ။
>> စူနေတဲ့ချက်ကို ဘယ်လိုသန့်ရှင်းကြမလဲ?
ချက်စူကတော့ သန့်ရှင်းရတာ ပိုလွယ်ကူတယ်နော်။ ရေချိုးချိန်မှာ -
၁။ အဝတ်ကို ရေစွတ်ပြီး ချက်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ကြည့်ပါ။ ပြီးရင် ဆပ်ပြာနဲ့ ဆေးပေးလိုက်ပါ။
၂။ ရေချိုးပြီးချိန်မှာ ချက်ကို သေချာပွတ်တိုက်ပေးပါ။
၃။ စူနေတဲ့ချက်မျိုးကိုတော့ လိုးရှင်းလေး လိမ်းပေးလို့ ရပါတယ်။
တကယ်လို့ ချက်ဖောက်ထားတဲ့သူတွေမှာ -
လတ်လတ်ဆတ်ဆတ် ဖောက်ထားတာဆိုရင်တေ့ာ ပိုးမဝင်အောင် ဖောက်ပေးသူရဲ့ ညွှန်ကြားချက်ကို လိုက်နာပေးဖို့ လိုပါလိမ့်မယ်။
တကယ်လို့ ကောင်းကောင်း အနာကျက်ပြီးသား ဆိုရင်တော့ -
၁။ ကိုယ့်မှာရှိတဲ့ ချက်အမျိုးအစားပေါ် မူတည်ပြီးတော့ သန့်ရှင်းပေးပါ။
၂။ ရေနွေး ၈ အောင်စ အအေးခံထားတဲ့ထဲကို ဆားလက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံထည့်ပြီး ဖျော်လိုက်ပါ။ ဒီဖျော်ရည်ထဲကို ဂွမ်းနှစ်ပြီး ဖောက်ထားတဲ့နေရာကို ဆေးကြောပေးပါ။
ကိုယ့်ဟာကိုယ် မဖျော်ချင်ရင်လည်း ဆေးဆိုင်မှာ ဆေလိုင်းဆားရည်ဝယ်ဆေးလို့ ရပါတယ်နော်။
>> တကယ်လို့ ချက်ကိုမဆေးရင် ဘာဖြစ်လာနိုင်မလဲ?
မဆေးရင် -
● မှိုပိုး : ချက်ဆိုတာဟာ စိုစွတ်နေတတ်တဲ့နေရာဖြစ်လို့ မှိုဆွဲတတ်တယ်။
● အနံ့ဆိုး : မှိုပိုး မဆွဲရင်တောင် ချွေးတွေ၊ ဆဲလ်သေတွေ၊ အမှုန်အမှိုက်တွေကြောင့် အနံ့ဆိုးတွေ ဖြစ်တတ်တယ်။
● အဆီခဲ : အဆီတွေ၊ ဆဲလ်အသေတွေ ချက်ထဲ စုပြုံလာပြီး အချိန်ကြာလာတဲ့အခါ အဆီခဲတွေ ဖြစ်လာတတ်တယ်။ မျက်နှာမှာဖြစ်တဲ့ အဆီခဲတွေနဲ့ အတူတူပါပဲနော်။ လေထဲက အောက်ဆီဂျင်နဲ့ ထိတွေပြီး မည်းသွားတတ်တယ်။ ဒီလိုချက်ထဲက အဆီခဲတွေကတော့ ရိုးရိုးညှစ်ထုတ်လို့မရဘဲ ညှပ်နဲ့ ထုတ်မှရတယ်။
နိဂုံးချုပ်အနေနဲ့ - အများစုက ချက်အကြောင်း သတိတောင် မထားမိကြဘူး မဟုတ်လား? တစ်ပတ်တစ်ခါလောက် ဆေးဆေးပေးတာကတော့ မမှားဘူးနော်။ ပိုးမဝင်အောင်၊ အနံ့ဆိုးတွေ မရှိအောင်၊ တစ်ကိုယ်ရည် ကျန်းမာရေးကောင်းအောင်ပေါ့။
Dr. Mya Phoo Ngon (www.drmyanmar.com)





























