ချောင်းခြောက်လား? ချောင်းစိုလား?
1. ချောင်းခြောက်
ချောင်းခြောက်လို့ခေါ်တဲ့ လည်ချောင်းယားပြီးဆိုးတဲ့ ချောင်းအမျိုးအစားဟာ လည်ချောင်းတစ်လျောက်မှာ ခြောက်သွေ့ခြင်းနဲ့ ဓာတ်မတည့်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ တစ်ခြားအနေနဲ့ မီးခိုးငွေ့၊ အမှုန်အမှိုက် စတဲ့ allergy တွေကြောင့် လည်း ဖြစ်တတ်သလို ပန်းနာရင်ကြပ်ရောဂါကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။
ဒီလိုချောင်းခြောက်ဆိုးပြီဆိုရင် ဆေးဝါးတွေကိုမှီ၀ဲရမယ့်အပြင် လည်ချောင်းတစ်လျောက်ကို ရှင်းလင်းအေးမြသွားအောင် လုပ်ပေးဖို့ လိုပါတယ်။ ဥပမာအနေနဲ့ဆိုရင်-
1. ရေများများသောက်တာမျိုး
2. ဆားရေနဲ့ ပလုပ်ခဏခဏကျင်းပေးတာမျိုး
3. ရေနွေးနွေးလေးသောက်ပေးတာမျိုး
4. သစ်ကြံပိုးခေါက်နဲ့ ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ညအိပ်ခါနီးမှာ သောက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။
2. ချောင်းစို
ချွဲထပြီးဆိုးတဲ့ ချောင်းအမျိုးအစားမှာတော့ လည်ချောင်းတစ်လျောက်မှာ စုဝေးလာတဲ့ ချွဲတွေကို လျော့နည်းသွားအောင် ပြုလုပ်ပေးဖို့ လိုပါတယ်။ အအေးမိ၊ တုတ်ကွေး၊ နှာမွှန်နှာစေး အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့အခါမျိုးမှာ ချောင်းစို ဆိုးတတ်ပါတယ်။
ဒီလိုချောင်းစိုဆိုးပြီဆိုရင် ဆေးသောက်ရမယ့်အပြင်
1. ရေနွေးငွေ့ရှူတာမျိုး
2. လည်ပင်းနဲ့ ရင်ဘက်ကို ပရုပ်ဆီပါးပါးလေးလိမ်းပေးတာမျိုး
3. သံပုရာသီးကို ပျားရည်နဲ့ ရောပြီး နည်းနည်းချင်း သောက်ပေးတာမျိုး
4. အစပ်နည်းနည်းပါတဲ့ အစားအသောက်တွေ စားပေးတာမျိုး
5. ရေနွေးကြမ်းပူပူနွေးနွေး၊ ကြက်စွပ်ပြုတ်ပူပူနွေးနွေးသောက်ပေးတာမျိုး
6. ပန်းသီးရှာလကာကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း မရှိတရှိခန့် သောက်ပေးတာမျိုး
7. ရေများများသောက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။






























