ချောင်းဆိုးတာကနေစတဲ့ အန္တရာယ်အခြေအနေတွေ
ချောင်းကတော့ အကြောင်းအမျိုးမျိုးနဲ့ ဆိုးနေတာပါပဲ။ တစ်ခါတလေတော့လည်း ဒီအတိုင်းပဲ လည်ချောင်းယားလို့ ဆိုးတယ်၊ ဆောင်းတွင်းတွေ ရောက်ပြန်တော့ အအေးမိ၊ တုပ်ကွေးဖြစ်လို့ ဆိုးတယ်။ ဒီတော့ ချောင်းဆိုးတာကို ဂရုမစိုက်ဖြစ်တော့ဘဲနဲ့ ရက်နည်းနည်းလောက်ကြာရင် သူ့ဟာသူ ပြန်ပျောက်သွားပါလေရော။
ဒါပေမဲ့လည်း ချောင်းဆိုးတာက ဒီလိုအပရိကလေး ဖြစ်နိုင်သလို ပန်းနာရင်ကြပ်၊ တီဘီ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါ စတဲ့ ပြင်းထန်တဲ့ရောဂါတွေရဲ့ စဦးလက္ခဏာအနေနဲ့လည်း လာတတ်ပါတယ်။
ဒီတော့ ချောင်းဆိုးပြီဆိုရင် သတိထားရမယ့် အန္တရာယ်အခြေအနေ (၇) ချက ်ရှိပါတယ်။
1. အဆုတ်ကင်ဆာ
ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်နိုင်ချေ အရမ်းများတယ်ဆိုတာက လူတိုင်းသိပြီးသားပါ။ ဆေးလိပ် မသောက်တဲ့သူတွေမှာလည်း ကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။ ချောင်းဆိုးတာက ကင်ဆာဆဲလ်တွေ အထဲကို တိုးဝင်လာတဲ့လက္ခဏာပါ။ ချောင်းဆိုးတာ ၃ ပတ်ထက် ပိုကြာရင် ဆရာဝန် သွားပြသင့်ပါတယ်။ ကင်ဆာ ပိုဆိုးလာပြီဆိုရင် ချောင်းဆိုးရင် သွေးပါလာပြီးတော့ ဒါက အရေးပေါ်ကုသမှု ခံယူရမယ့် အခြေအနေပါ။
2. Cystic fibrosis
ဒါကတော့ အရမ်းကို ပစ်ခဲပြီးတော့ စေးကပ်နေတဲ့ အချွဲတွေကြောင့် အဆုတ်နဲ့ ပန်ကရိယ (မုန့်ချိုအိတ်) တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့ မွေးရာပါရောဂါတစ်ခုပါ။ ဒီအချွဲတွေက လေလမ်းကြောင်းတစ်လျှောက် ပိတ်နေပြီးတော့ ဘက်တီးရီးယားပိုးတွေ အဲမှာအခြေချကာ ရောဂါပိုးတွေ ဝင်လာမယ်၊ အဆုတ်တွေ တော်တော်ပျက်စီးပြီးတော့ နောက်ဆုံးမှာ အသက်ရှူလမ်းကြောင်း လုံးဝပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သလိပ်ပျစ်ပျစ်ကြီးတွေထွက် ချောင်းတွေအကြာကြီးဆိုးပြီး အသက်ရှူရင် အသံတွေကြားရတာက ဒီရောဂါရဲ့လက္ခဏာတွေ ဖြစ်နိုင်လို့ သတိထားကြပါ။
3. Atelectasis
အဆုတ်ရဲ့ အစိတ်အပိုင်း တစ်နေရာ ဒါမှမဟုတ် ဒီထက်ပိုပြီးတော့ ပြားသွားရင် ဆိုလိုတာကတော့ အဆုတ်က လေရှူသွင်းဖို့အတွက် မဖောင်းနိုင်တော့တာကို ခေါ်ပါတယ်။ ဒါက လေလမ်းကြောင်းထဲမှာ အချွဲတွေ ပိတ်နေလို့ဖြစ်ပြီးတော့ ချောင်းဆိုးလိုက်ရင် နည်းနည်းသက်သာရာရပါတယ်။ ဒီလိုဖြစ်ရင် ချောင်းဆိုးတာက ပုံမှန်ထက် ပိုဆိုးဆိုးရွားရွား ဆိုးတတ်ပါတယ်။
4. နှလုံး အလုပ်မလုပ်နိုင်တော့ခြင်း (Congestive heart failure)
တချို့အခြေအနေတွေက ရုတ်တရက်ဖြစ်ပြီးတော့ ဒီလိုနှလုံးမကောင်းတော့တာကတော့ ဖြည်းဖြည်းချင်း ပိုပိုဆိုးလာတတ်ပါတယ်။ ဒီလိုဖြစ်တဲ့သူရဲ့နှလုံးက သွေးတွေကို ထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့သလို အဆုတ်ထဲမှာ သွေးတွေ ပြည့်ကြပ်မလာအောင်လည်း မတားပေးနိုင်တော့ပါဘူး။ ဒီရောဂါရဲ့ အစောပိုင်းလက္ခဏာတွေအနေနဲ့ အထူးသဖြင့် လှဲချလိုက်တဲ့အချိန်မှာ ချောင်းခြောက်ဆိုးတတ်ပါတယ်။ ဒါက နှလုံးတိုက်ခိုက်ခံရခြင်းကို ဖြစ်စေနိုင်ပြီးတော့ အသက်ကိုတောင်မှ ဆုံးရှုံးစေနိုင်တဲ့အတွက် လျစ်လျှူမရှှုရမယ့် အခြေအနေတစ်ခုပါပဲ။
5. Sarcoidosis
ဒီရောဂါကတော့ ခန္ဓာကို်ယ်ထဲမှာရှိတဲ့ အင်္ဂါတော်တော်များများကိုထိတဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေတဲ့ရောဂါတစ်ခုပါ။ ပြီးတော့ ဒါက ကိုယ်ခံအားစနစ်ကို သွားပြီးလှုံ့ဆော်တဲ့အတွက် ခုခံအားဆဲလ်တွေ ထကြွပြီးတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်သျှူးတွေကို ကိုယ်ပြန်တိုက်ပစ်ပါတော့တယ်။ အဆုတ်ကို ထိတဲ့အခါမှာတော့ ရောင်ရမ်းခြင်းကြောင့် အဆုတ်မှာ အမာရွတ်ထင်ပြီးတော့ အောက်ဆီဂျင်ပမာဏကို လျော့ကျစေပါတယ်။ ချောင်းခြောက်တွေ ဆက်တိုက်ဆိုးနေပြီးတော့ အသက်ရှူရတာလည်း ခက်လာတယ်ဆိုရင် ဒီရောဂါရဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
6. အဆုတ်ရေဝိုင်းခြင်း
အဆုတ်ထဲမှာ ရေတွေ ပိုနေတာပါ။ ပိုနေတဲ့ရေတွေက လေအိတ်လေးတွေထဲမှာ သွားစုနေပြီး အသက်ရှူရ ခက်စေပါတယ်။ ချောင်းဆိုးရင် အမြှုပ်ထတဲ့သလိပ်တွေ၊ ပန်းရောင်သလိပ်တွေထွက်ရင် ဒီရောဂါဖြစ်နိုင်လို့ ဆရာဝန်နဲ့သွားပြပါ။
7. Acute respiratory distress syndrome
ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း ပျက်စီးတဲ့ရောဂါလက္ခဏာစုဖြစ်တဲ့ SARS ဆိုတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်တတ်တဲ့ သေစေနိုင်လောက်တဲ့ရောဂါတစ်ခုပါ။ ရောဂါလက္ခဏာတွေကတော့ တခြားအသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်တဲ့ တုပ်ကွေး၊ အဆုတ်ရောင် စတာတွေနဲ့ ဆင်တူပါတယ်။ ရောဂါရှိတဲ့သူက ချောင်းဆိုးလိုက်တဲ့အခါမှာ တခြားသူဆီကို ကူးစက်ပျံ့နှံ့နိုင်ပြီးတော့ နာတာရှည် အမြဲချောင်းဆိုးနေရင် SARS ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာကြာပြီး မပျောက်နိုင်ဘူး ဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသပြီးတော့ စစ်ဆေးမှု ခံယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























