/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချောင်းဆိုးတဲ့အခါ

ချောင်းဆိုးတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ချောင်းဆိုးခြင်းဆိုတာ သင့်လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းတွင် လာရောက်နှောင့်ယှက်သောအရာများကို ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ အအေးမိခြင်း၊ တုပ်ကွေး၊ လေပြွန်ရောင်ခြင်းနဲ့ ပန်းနာရင်ကျပ်စသော ရောဂါများကြောင့် ချောင်းဆိုးနိုင်သလို ဆေးလိပ်သောက်ခြင်း၊ နှာခေါင်းပိုက်ထည့်ခြင်း၊ အလာ့ဂျစ်ဖြစ်ခြင်းနဲ့ အစာအိမ်အက်ဆစ်ဆန်တက်ခြင်းတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါသေးတယ်။
ချောင်းဆိုးခြင်းဟာ ရောဂါမဟုတ်ဘဲ ရောဂါလက္ခဏာတစ်ခုသာ ဖြစ်တာကြောင့် ဖြစ်စေသော အကြောင်းရင်းကို ကုသနိုင်ပါက ချောင်းဆိုးခြင်း ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါကြောင့် အအေးမိခြင်းဖြစ်ပေါ်တဲ့အခါ မိမိဘာသာ အိမ်တွင်းနည်းလမ်းများကို အသုံးပြုပြီး ကုသနိုင်ပါတယ်။

>>  ချောင်းဆိုးခြင်းကို အိမ်တွင် ဘယ်လိုကုသမလဲ?
●  ရေနဲ့ အရည်များများ သောက်ပါ။ ရေနွေးပူပူတွင် ပျားရည်နဲ့ သံပရာထည့်ပြီး သောက်သုံးနိုင်ပါတယ်။
●  ဆရာဝန် ညွှန်ကြားသောဆေးများကို အချိန်မှန် သောက်သုံးဖို့ မမေ့ပါနဲ့။
●  ခေါင်းအုံးထူထူဖြင့် အိပ်ခြင်းဖြင့် ချောင်းဆိုးသက်သာစေပါတယ်။
●  ဆေးလိပ်သောက်ခြင်း/အနားတွင် ဆေးလိပ်သောက်သူများရှိခြင်းကို အထူးတလည် ရှောင်ကြဉ်သင့်ပါတယ်။ ချောင်းဆိုးခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
●  ဖုန်၊ သဲနဲ့ အနံ့ပြင်းပြင်းများ၊ ပန်းဝတ်မှုန်များရှိသောနေရာများသို့ သွားခြင်းကို ရှောင်ကြဉ်ပါ။ မဖြစ်မနေ သွားရမည်ဆိုပါက mask တပ်ဆင်ပါ။

>>  ဘယ်အချိန်တွင် ဆေးရုံပြသင့်သလဲ?
●  ပြင်းထန်သောအသက်ရှူကြပ်ခြင်း ဖြစ်ပေါ်သောအခါ
●  သွေးအန်သောအခါ
●  ရုတ်တရက် အသက်ရှူကြပ်ခြင်း ဖြစ်ပေါ်သောအခါ
●  ဖျားနာခြင်း/အပြင်းဖျားခြင်း ဖြစ်သောအခါ
●  ချောင်း အလွန်ဆိုးခြင်းနဲ့ ချွဲသလိပ် အရောင်ပြောင်းခြင်း ဖြစ်သောအခါ
●  လည်ချောင်းနာခြင်း၊ နားကိုက်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း ဖြစ်သောအခါ
●  ချောင်းဆိုးကြာရှည်သောအခါ
ချောင်းဆိုးခြင်းဟာ မပေါ့ဆသင့်သော ရောဂါလက္ခဏာတစ်ခုဖြစ်တာမို့ စတင်ဖြစ်ပေါ်ကတည်းက ကုသမှုခံယူသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)