ချောင်းဆိုးတဲ့အခါ သလိပ်အဖြူရောင်တွေ ထွက်နေပြီလား
ချောင်းဆိုးလိုက်ခြင်းဖြင့် မလိုလားအပ်တဲ့ အရာဝတ္ထုတွေကို အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ထဲကနေ ပြင်ပကို ပြန်ထွက်သွားစေတာကြောင့် ချောင်းဆိုးတယ်ဆိုတာဟာ ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် တုံ့ပြန်မှုတစ်ခုပါ။ အကယ်၍ ချောင်းသာမဆိုးနိုင်ခဲ့ရင် ရောဂါပိုးမွှားတွေ၊ ဖုန်မှုန့်နဲ့ အညစ်အကြေး စတာတွေဟာ ခန္ဓာကိုယ်ထဲရောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်လာပါလိမ့်မယ်။ ရံဖန်ရံခါ ချောင်းဆိုးတာဟာ ပြဿနာမဟုတ်ပေမယ့် မကြာခဏ ချောင်းဆိုးနေပြီဆိုရင်တော့ ရောဂါပိုးဝင်ရောက်ခြင်း၊ သွေးမတည့်ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
သလိပ်ဟပ်ထုတ်ခြင်းဟာလည်း ခန္ဓာကိုယ်ကို ရောဂါပိုးမွှားတွေ၊ ဖုန်နဲ့အညစ်အကြေးတွေရန်ကနေ ကာကွယ်ပေးနေတဲ့ဖြစ်စဉ်တစ်ခုပါ။ အသက်ရှူလမ်းကြောင်းထဲဝင်လာတဲ့ ပိုးမွှားတွေနဲ့ အညစ်အကြေးတွေကို အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အကျိအချွဲတွေက ဖမ်းယူပြီးတော့ သလိပ်အဖြစ်နဲ့ ပြင်ပကို ပြန်လည်စွန့်ထုတ်ပစ်ပါတယ်။ ပုံမှန်သလိပ်ဟာ များသောအားဖြင့် အရောင်မရှိတတ်ပါဘူး။
Solmux Adult IA 1 2023
ချောင်းဆိုးပြီး အဖြူရောင်သလိပ်ထွက်တာဟာ ဘာဖြစ်လို့ပါလဲ?
သလိပ်အရောင်တစ်ခုတည်းကို ကြည့်ပြီးတော့ ဘာရောဂါဖြစ်နေလဲဆိုတာ ပြောဖို့ ခက်ပေမယ့် ရောဂါရှာဖွေတဲ့နေရာမှာတော့ အထောက်အကူပေးနိုင်ပါတယ်။ သလိပ်အဖြူရောင်ရှိနေတာဟာ သလိပ်ထဲမှာ သေဆုံးပျက်စီးသွားတဲ့ သွေးဖြူဥတွေ ပါဝင်နေတယ်ဆိုတာကို ဖော်ပြနေပြီး ဒီလိုချောင်းဆိုးတာဟာ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘက်တီးရီးယားနဲ့ တခြားရောဂါပိုးမွှားတွေကြောင့်လည်း ဖြစ်နိုင်သေးတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ သလိပ်အဖြူရောင်ထွက်စေတဲ့ ရောဂါတချို့ကတော့ လေပြွန်ရောင်ရမ်းခြင်း၊ အသက်ရှူလမ်းကြောင်းထဲ ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါ စတာတွေပဲ ဖြစ်ပါတယ်။
သလိပ်အဖြူပျစ်ပျစ်ထွက်ခြင်း
ချွဲသလိပ်တွေဟာ အဖြူရောင်ဖြစ်နေမှ မဟုတ်ပါဘူး။ တခြားဘာအရောင်ပဲ ဖြစ်နေပါစေ သလိပ်အရမ်းပျစ်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေတာကို ညွှန်ပြနေပါတယ်။ ဒီလိုအခါမှ အသက်ရှူလမ်းကြောင်းထဲမှာရှိတဲ့ သလိပ်တွေကို ဟပ်ထုတ်ရတာ ခက်လာပါလိမ့်မယ်။ သလိပ်ပျော်ပြီး ဟပ်ထုတ်ရလွယ်အောင်ဆိုရင် အရည်များများ သောက်ပေးပါ။ ညဘက်အိပ်တဲ့အခါ ကုတင်ဘေးမှာ လေထုအစိုဓာတ်ထိန်းစက် (Humidifier) ထားပြီး အိပ်စက်ပါ။
သလိပ်အဖြူထွက်ပြီး အမြှုပ်ထနေခြင်း
သလိပ်ထဲမှာ လေပူစီဖောင်းတွေ အများကြီးပါလာပြီဆိုရင် သလိပ်ဟာ အမြှုပ်ထနေပါလိမ့်မယ်။ သလိပ်ပမာဏနည်းတာဟာ ကိစ္စမရှိပေမယ့် ပမာဏအရမ်းများတာ၊ အရောင်က သွေးရောင်လွှမ်းတာ (သို့) ပန်းရောင်ဖြစ်နေတာမျိုးဆိုရင်တော့ စိုးရိမ်ရပါတယ်။ သလိပ်ထဲမှာ အမြှုပ်တွေပါလာတယ်ဆိုရင်တော့ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်အဆုတ်ရောဂါ (COPD)၊ အစာအိမ်ထဲရှိအက်စစ်များ အစာရေမျိုပြွန်ထဲသို့ ပြန်ကန်တက်ခြင်း (GERD)၊ အဆုတ်ထဲရေဝင်ခြင်း (Pulmonary oedema)နဲ့ တချို့သောနှလုံးရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။
Solmux Adult IA 2
ဘယ်လိုကုသလို့ရသလဲ?
သလိပ်အဖြူရောင်ထွက်ပြီး ချောင်းဆိုးတဲ့အခါ ဆရာဝန်တွေအနေနဲ့ တခြားဘာလက္ခဏာတွေ တွဲဖြစ်နေသလဲဆိုတာကို ကြည့်ပြီးတော့ ရောဂါအမည် သတ်မှတ်ပါတယ်။ ဘာရောဂါဖြစ်နေလဲဆိုတာကို သိပြီးမှသာ လိုအပ်တဲ့ကုသမှုတွေ စတင်မှာပါ။
အကယ်၍ ချောင်းဆိုးတာဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဆိုရင်တော့ ရောဂါပိုးကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားကောင်းအောင် အနားယူပါ။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားပါ။ သလိပ်ပျော်ပြီး ကောင်းကောင်းဟပ်ထုတ်နိုင်ဖို့ဆိုရင် အရည်များများသောက်ပါ။ ညအိပ်တဲ့အခါ Humidifier အသုံးပြုပါ။ Saline ပါဝင်တဲ့ နှာဖြန်းဆေး အသုံးပြုပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အခြေအနေမှာ ပဋိဇီဝဆေးသောက်ဖို့ လုံးဝမလိုအပ်ပါဘူး။
GERD ကြောင့် ချောင်းဆိုးတာဆိုရင်တော့ Proton pump inhibitor လို့ခေါ်တဲ့ အက်စစ်ထွက်တာနည်းစေတဲ့ ဆေးတွေ သောက်ဖို့ လိုအပ်ပါလိမ့်မယ်။ အက်စစ်ပြန်ကန်တာမျိုး မဖြစ်အောင်လို့ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်ထားပေးပါ။ ကိုယ်အလေးချိန်ထိန်းပြီးတော့ ကျန်းမာရေးနဲ့အညီ စားသောက်ပေးခြင်းဟာလည်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
လေပြွန်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကြပ်နဲ့ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်အဆုတ်ရောဂါကြောင့် ချောင်းဆိုးတာဆိုရင်တော့ ဆရာဝန် ညွှန်ကြားထားတဲ့ သောက်ဆေး၊ ရှူဆေးတွေကို ပုံမှန်အသုံးပြုပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























