ချောင်းဆိုးမပျောက်သော အကြောင်းရင်းများ
လူနာတွေအတွက်ရော ဆရာဝန်တွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ချောင်းဆိုး မပျောက်ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။
1. ဖျားနာပြီးနောက် လေပြွန်များရောင်နေခြင်း
အအေးမိခြင်းရဲ့လက္ခဏာအများစုဟာ ရက်အနည်းငယ်အတွင်းပျောက်သွားလေ့ရှိသော် လည်း ချောင်းဆိုးခြင်းမှာမူရက်သတ္တပတ်အတန်ကြာအောင် မပျောက်ဘဲရှိနေတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဗိုင်းရပ်စ်ပိုးတွေဟာ လေပြွန်တွေကိုရောင်ရမ်း၍ ထိခိုက်လွယ်စေတာကြောင့်ပဲဖြစ်ပါတယ်။
2. အခြားကျန်းမာရေးပြဿနာများ
ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကျပ်ဖြစ်ခြင်းတွေဟာ ချောင်းဆိုးနိုင်စေတဲဲ့ အကြောင်းအရင်းတွေဖြစ်နိုင်ပါတယ်။ အက်ဆစ်တွေပြန်ထွက်ခြင်းနဲ့ အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်၍ အသက်ရှူရပ်ခြင်းတွေကြောင့်လည်း နာတာရှည်ချောင်းဆိုးနိုင်ပါတယ်။ ကံကောင်းတာကတော့ ဒီအခြေအနေတွေအားလုံးက ကုသလို့ရနိုင်တာပဲဖြစ်ပါတယ်။
အက်ဆစ်ပြန်ထွက်ခြင်းရောဂါလက္ခဏာများဖြစ်တဲ့ -
- လေတက်ခြင်း
- ရင်ပူခြင်း
- ချောင်းအဆက်မပြတ်ဆိုးခြင်း
- အစာပြန််ဆန်တက်ခြင်း စတာတွေခံစားနေရပြီဆိုပါက ရောဂါအမည်တပ်နိုင်ရန်နှင့် ကုသနိုင်ရန်ဆရာဝန်နှင့် ချက်ခြင်းကုသမှုခံယူသင့်ပါတယ်။
အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိိတ်တာကြောင့် အသက်ရှူရပ်ရတဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ -
- အိပ်မပျော်ခြင်း
- ကျယ်လောင်စွာဟောက်ခြင်း
- ညအချိန်တွင်သီးခြင်း
- မကြာခဏနိုးခြင်း
- နေ့လည်ခင်းတွင်အိပ်ငိုက်ခြင်း စတာတွေရှိနေပြီဆိုပါကလည်း ဆရာဝန်နှင့်ပြသသင့်ပါတယ်။
3. စိတ်ဖိစီးမှု
စိတ်ဖိစီးမှုကိုတာရှည်စွာခံစားနေပါက အအေးမိခြင်းမှာလည်းကြာမြင့်နိုင်ပါတယ်။ ချောင်းဆိုး သက်သာစေရန်အတွက် ဖျားနာနေစဉ် စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင်ကြိုးစားပါ။ အကောင်းဆုံးအနားယူခြင်းကတော့ တစ်နေ့လျှင် 7 နာရီမှ 8 နာရီခန့် အိပ်စက်ပါ။
4. အရည်များလုံလောက်စွာမသောက်ခြင်း
အအေးမိဖျားနာနေပါက အသက်ရှူလမ်းကြောင်းအတွင်းမှာရှိတဲ့ ချွဲတွေပျော်နိုင်စေဖို့ ရေ၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်နဲ့ စွပ်ပြုတ်တွေကို ပိုမိုသောက်သုံးသင့်ပါတယ်။ အရက်နဲ့ကဖိန်းဓာတ်ပါဝင်တဲ့ အရည်တွေကတော့ ရေဓာတ်ဆုံးရှုံးမှုကိုဖြစ်စေနိုိင်တဲ့အတွက် မသင့်တော်ပါဘူး။ အသက်ရှူလမ်းကြောင်းအစိုဓာတ်ရနိုင်စေဖို့ နှာခေါင်းဖြန်းဆေး (သိို့) ရေငွေ့စက်တွေကိုလည်းသုံးနိုင်ပါတယ်။
5. နှာခေါင်းပွင့်ဆေးများအလွန်အကျွံ အသုံးပြုခြင်း
နှာခေါင်းပိတ်နေပါက နှာခေါင်းဖြန်းဆေးများကိုအသုံးပြုနိုင်ပေမယ့်လည်း သုံးရက်ထက်ပို၍မသုံးသင့်ပါ။ အကယ်၍ ထို့ထက်ပိုမိုသုံးစွဲခဲ့ပါက ရပ်လိုက်လျှင်ပိုဆိုးစေပါတယ်။ အလွန်အကျွံသုံးစွဲခြင်းကြောင့် နှာခေါင်းပိတ်လည်ရှိ အမြှေးပါးများရောင်လာခြင်း အပြင် နှာရည်ကျခြင်းနှင့် ချောင်းဆိုးခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။
6. ခြောက်သွေ့သောလေများ
ဆောင်းလေများသည် ချောင်းဆိုးခြင်းကိုပို၍ ဖြစ်စေနိုင်ပါတယ်။ စိုစွတ်တဲ့လေတွေက ပန်းနာရင်ကျပ်ဖြစ်ခြင်းကို ပိုမိုဆိုးရွားစေပြီး အမှိုက်၊ သန်းတွေ၊ မှိုတွေနဲ့ ဓာတ်မတည့်တဲ့ပစ္စည်းတွေကို ပွားများစေနိိုင်ပါတယ်။
7. ဘက်တီးရီးယားရောဂါပိုးများ
တခါတရံမှာ ဖျားပြီးနောက်အသက်ရှူလမ်းကြောင်းတစ်လျှောက် ထိခိုက်လွယ်စေတဲ့အတွက် ဘက်တီးရီးယားပိုးတွေက အလွယ်တကူဝင်ရောက်နိုင်၍ နှာခေါင်းပိတ်ခြင်း၊ လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
8. သွေးတိုးကျဆေးများ
ACE inhibitor ကဲ့သို့ သွေးတိုးကျဆေးမျိုးကို သောက်သံုံးနေသူငါးဦးအနက် 1 ဦးမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ နာတာရှည်ချောင်းဆိုးခြင်းကို ခံစားရနိုင်ပါတယ်။ ထိုကဲ့သို့ဖြစ်ပါက ဆေးသောက်တာကို မရပ်လိုက်ဘဲ ဆရာဝန်နှင့်တိုင်ပင်ပါက မိမိနှင့်သင့်တော်သောဆေးမျိုးကို ဆရာဝန်မှညွှန်ကြားပါလိမ့်မယ်။ ACE inhibitor များမှာ -
1. Perindopril
2. quinapril
3. ramipril
4. captopril
5. trandolapril
6. benazepril
7. fosinopril
8. lisinopril
9. moexipril
10. enalapril တို့ဖြစ်ပါတယ်။
ဆေးနာမည်ပဲဖြစ်ဖြစ်၊ ပါဝင်ပစ္စည်းတစ်ခုခုကပဲဖြစ်ဖြစ် “pril” နဲ့ဆုံးပါက ACE inhibitor ဖြစ်နိုင်ချေများပါတယ်။
အကယ်၍ချောင်းဆိုးခြင်းဟာ အရမ်းဆိုးရွားရုံသာမက တစ်ပတ်ထက်ပို၍ကြာနေပါက ဆရာဝန်နှင့်ပြသသင့်ပါတယ်။ ထိုမှသာချောင်းဆိုးရတဲ့အကြောင်းအရင်းကို ရှာနိုင်မှာဖြစ်ပြီးတော့ မှန်ကန်တဲ့ကုသမှုကိုလည်းခံယူနိုင်မှာဖြစ်ပါတယ်။
Dr. Thinzar Wynn






























