ချောင်းအရမ်းဆိုးရင် ဘာတွေ ဖြစ်နိုင်သလဲ
တကယ်တော့ ချောင်းဆိုးတယ်ဆိုတာက ပါးစပ်နဲ့ လည်ချောင်းထဲကို ပြင်ပက အရာတစ်ခုခု ဝင်လာပြီးတော့ နှောင့်ယှက်လို့ အလိုလိုဖြစ်လာတဲ့ တုန့်ပြန်မှုတစ်ခုပါ။ ဒါပေမယ့်လည်း ၈ ပတ်ထက် ပိုပြီးချောင်းဆိုးလာရင်တော့ ဒါကို နာတာရှည်ချောင်းဆိုးခြင်းလို့ သတ်မှတ်ပါတယ်။ ချောင်းဆိုးတာနဲ့အတူ အသက်ရှူမြန်ခြင်း၊ အသက်ရှူရင် တရွှီရွှီမြည်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ရင်ပူခြင်း၊ လည်ချောင်းနောက်ဘက်မှာ အရည်တွေရှိနေသလို ခံစားရခြင်း စတဲ့လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ နှာခေါင်းနောက်ကို အရည်တွေ ပြန်စီးတာ၊ ပန်းနာရင်ကြပ်နဲ့ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်တာတွေကလည်း ဒါတွေကို ဖြစ်စေနိုင်ပါတယ်။ ချောင်းအရမ်းဆိုးနေတာကိုမကုဘဲ ထားရင် နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
● ဆီးထွက်ကျခြင်း
နာတာရှည် ချောင်းဆိုးတာကြောင့် ဆီးမထိန်းနိုင် ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် stress incontinence လို့ခေါ်တဲ့ ချောင်းဆိုးတဲ့အခါ၊ ရယ်တဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါနဲ့ လေးလံတဲ့အရာတွေကို မတဲ့အခါမှာ ဆီးအိမ်ပေါ်ကို ဖိအားသက်ရောက်သလိုဖြစ်ပြီးတော့ ဆီးထွက်ကျတာမျိုးကို ပိုဖြစ်စေပါတယ်။
ဆီးမထိန်းနိုင်တာကို ကုသဖို့အတွက် အိမ်သာသွားမယ့်လမ်းကြောင်းကို အစီအစဉ်ဆွဲထားတာ၊ ဆီးသွားချင်လာရင် ၁၀ မိနစ်လောက် အောင့်ထားပြီးတော့ ဆီးအိမ်ကို ပြန်ကျင့်ပေးတာတွေ လုပ်လို့ရပါတယ်။ ဒါ့အပြင် အရည်များများ မသောက်ခြင်း၊ အစားအစာကို သေချာစီစဉ် စားသောက်ခြင်း၊ တင်ပါးအောက်ပိုင်း ကြွက်သားတွေကို ညှစ်ခြင်းလိုမျိုး မိန်းမကိုယ် လေ့ကျင့်ခန်း လုပ်ခြင်းတွေကလည်း ဆီးအိမ်ကို သန်မာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဆေးအနေနဲ့ဆိုရင်တော့ oxybutynin, imipramine နဲ့ အီစရိုဂျင်လိမ်းဆေးတွေကို ပေးလေ့ရှိပါတယ်။ မွေးလမ်းကြောင်းထဲကို ကွင်းထည့်ခြင်းလိုမျိုး တခြားကုထုံးတွေလည်း ရှိပါသေးတယ်။ မိမိနဲ့ သင့်တော်မယ့် ကုထုံးကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
● မူးဝေထိုင်းမှိုင်းခြင်း
ချောင်းဆိုးလွန်းရင် မူးဝေထိုင်းမှိုင်းမှုတွေကိုလည်း ဖြစ်စေပါတယ်။ ဒီအခါမှာ ဟန်ချက်မထိန်းနိုင်တာ၊ ခေါင်း မိုက်ခနဲဖြစ်တာ၊ ချာချာလည် မူးနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တာတွေပျောက်ဖို့အတွက် ကိုယ်နေဟန်ထား ပြောင်းလဲခြင်း၊ အရည်သောက်ပေးခြင်း၊ စိတ်ငြိမ်ဆေး၊ အမူးပျောက်ဆေး, antihistamine စတဲ့ဆေးတွေ သောက်ပေးတာမျိုးတွေလုပ်ရပါမယ်။ တစ်ခါတလေကျတော့ တစ်ခါလောက် ချောင်း အရမ်းဆိုးပြီးရင် မူးတာ ပြန်ပျောက်သွားတတ်ပါတယ်။
● ခေါင်းကိုက်ခြင်း
တစ်ခါတလေ ချောင်း အရမ်းဆိုးရင် ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းကိုက်ပြီဆိုရင် တစ်ခေါင်းလုံးကို ဖိထားသလိုကို ကိုက်တတ်ပါတယ်။ တစ်ခါတလေ ခေါင်းကိုက်တာက ဦးရေပြားပေါ်၊ နားထင်၊ လည်ဂုတ်နေရာတွေမှာ ပိုဆိုးတတ်ပါတယ်။ ခေါင်းကိုက်တာက မိနစ် ၃၀ ကနေ ၇ ရက်လောက်အထိ ကြာလေ့ရှိပါတယ်။
ခေါင်းကိုက်ပျောက်စေဖို့ အနားယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝဝ အိပ်ပေးခြင်းတွေ လုပ်ပေးဖို့ လိုပါတယ်။ ရေဓာတ် ခမ်းခြောက်တာကလည်း ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်လို့ အရည်များများ သောက်ပေးပါ။ ခေါင်းကိုက် သက်သာစေဖို့ ibuprofen, aspirin, acetaiminophen စတဲ့ အလွယ်တကူ ရနိုင်တဲ့ဆေးတွေ သောက်လို့ရသလို တစ်ခါတလေကျတော့လည်း ပိုပြင်းတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်က ညွှန်ပါလိမ့်မယ်။
● နံရိုးကျိုးခြင်း
ချောင်း အရမ်းဆိုးလိုက်တဲ့အခါမှာ အားကြောင့် နံရိုးတောင် ကျိုးနိုင်ပါတယ်။ အထူးသဖြင့် အရိုးပွရောဂါလိုမျိုး အရိုးတွေ ကျွတ်ဆပ်တဲ့လူတွေမှာ အဖြစ်များပါတယ်။ အရိုးကျိုးသွားပြီဆိုရင်တော့ ချောင်းဆိုးရင် နံရိုးနေရာက နာခြင်း၊ အညိုမဲစွဲလာခြင်း၊ အရိုးကျိုးတဲ့နေရာမှာ ရောင်လာခြင်းနဲ့ အသက်ရှူရင်နာခြင်းစတဲ့ လက္ခဏာတွေကို ခံစားရပါလိမ့်မယ်။
ကုထုံးကတော့ အနားယူပြီးတော့ အရိုးကျိုးသွားတဲ့နေရာကို ရင်စည်း (chest binder) နဲ့ ကာကွယ်ပေးထားဖို့ပါပဲ။ အနာသက်သာစေဖို့အတွက်တော့ ibuprofen, naproxen, aspirin, acetaminophen စတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ အရမ်းနာရင်တော့ နံရိုးကြားက အာရုံကြောတွေကို ပိတ်ထားတာ၊ ထုံဆေးတွေထိုးပြီးလည်း အနာသက်သာအောင် လုပ်လို့ရပါတယ်။ ကျိုးသွားတဲ့နံရိုးက အစာအိမ်၊ နှလုံး စတဲ့အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုကို ထိုးဖောက်သွားရင်တော့ ဆေးရုံတက်ပြီးတော့ ကုသဖို့လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























