/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချွေးထွက်လွန်ခြင်း

ချွေးထွက်လွန်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ချွေးထွက်လွန်တယ်ဆိုတာကတော့ ပတ်ဝန်းကျင်အပူချိန်၊ လှုပ်ရှားမှုပမာဏ၊ စိတ်ဖိစီးမှု စတဲ့အချက်တွေကြောင့် ချွေးထွက်သင့်တဲ့ပမာဏထက် ပိုထွက်တာကို ပြောတာပါ။ တချို့ဆို ပူတဲ့အချိန်တွေမှာ နည်းနည်းလေး လှုပ်လိုက်တာနဲ့ကို ချွေးတွေထွက်လာတတ်ပါတယ်။ ချွေးအရမ်းထွက်တဲ့အခါ နေ့စဉ်လုပ်နေကျအလုပ်တွေကို အနှောင့်အယှက်ဖြစ်စေသလို စိတ်လှုပ်ရှားမှုတွေနဲ့ ချွေးတွေရွှဲပြီးစိုစွတ်နေတော့ အရှက်ရစရာ ကြုံရတတ်ပါတယ်။

>>  ချွေးထွက်လွန်ရတဲ့ အကြောင်းအရင်းများ
ဘာရောဂါကြောင့်မှမဟုတ်ဘဲနဲ့ ချွေးအရမ်းထွက်တာဆိုရင် primary hyperhidrosis လို့ခေါ်ပါတယ်။ ချွေးဂလင်းတွေကို လှုံ့ဆော်တဲ့ အာရုံကြောတွေက အရမ်းတက်ကြွလွန်ပြီးတော့ အလိုလိုနေရင်းကို ချွေးတွေအရမ်းထွက်တာပါ။ ဒါက မျိုးရိုးလိုက်တာလည်း တချို့တစ်ဝက်ပါပါတယ်။
ရောဂါတစ်ခုခုကြောင့် ချွေးအရမ်းထွက်တာဆိုရင်တော့ secondary hyperhidrosis လို့ခေါ်ပါတယ်။

ချွေးထွက်လွန်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့ -
●  ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း
●  နှလုံးအတွင်းအမြှေးပါးရောင်ရမ်းခြင်း
●  အကြောင်းရင်းမသိဖျားခြင်း
●  စိတ်လှုပ်ရှားမှုဆိုင်ရာပြသနာများ
●  နှလုံးတိုက်ခိုက်ခံရခြင်း (heart attack)
●  အပူလွန်ကဲခြင်း
●  HIV/AIDS
●  ချွေးထွက်လွန်ခြင်း
●  သိုင်းရွိုက်များခြင်း
●  သွေးဖြူဥကင်ဆာ
●  ငှက်ဖျား
●  ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးများ - beta blockers နှင့် အချို့သော စိတ်ကျရောဂါအတွက် သောက်ဆေးများ
●  သွေးဆုံးချိန်
●  Non-Hodgkin’s lymphoma
●  အဝလွန်ခြင်း
●  စိတ်ဖိစီးမှု
●  တီဘီရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

>>  ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်သွားပြဖို့လိုပြီလဲ?
ချွေးအရမ်းထွက်တာနဲ့အတူ အောက်ပါလက္ခဏာတွေခံစားရရင် ဆေးကုသမှု ချက်ချင်းခံယူပါ။
●  ချမ်းတုန်ခြင်း
●  ခေါင်းမူးပြီးလဲခြင်း
●  ရင်ဘတ်အောင့်ခြင်း
●  ပျို့ခြင်း
●  ကိုယ်အပူချိန် 104°F (40°C) နှင့်အထက် ဖျားခြင်း။

>>  ဒီလက္ခဏာတွေ တွေ့ရင်တော့ ဆေးခန်းသွားပြဖို့ ရက်ချိန်းယူပါ။
●  ရုတ်တရက်ကြီး ပုံမှန်ထက်ပိုပြီး ချွေးတွေထွက်လာတယ်။
●  ချွေးထွက်လွန်းလို့ ပုံမှန်လုပ်နေကျအလုပ်တွေမှာ အနှောင့်အယှက်ဖြစ်စေတယ်။
●  ဘာအကြောင်းမှ သိသိသာသာမရှိဘဲ ညဘက်တွေမှာ ချွေးထွက်တယ်ဆိုရင်တော့ ဆေးခန်းသွားပြပြီး အကြောင်းအရင်းကို ရှာဖွေကုသသင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)