/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြင်ကတစ်ဆင့်-ကူးစက်သောရောဂါတွေအကြောင်း-သိကောင်းစရာ

ခြင်ကတစ်ဆင့် ကူးစက်သောရောဂါတွေအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မိုးတွင်းဖြစ်တဲ့အလျောက် ခြင်တွေကို နေရာတိုင်းမှာ ပေါပေါများများ တွေ့လာကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခြင်ကိုက်ရာကနေ ဖြစ်နိုင်တဲ့ရောဂါတွေကို သိထားပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်အောင် မြန်မာနိုင်ငံတွင် အဖြစ်များသော ခြင်ကတစ်ဆင့်ကူးစက်သောရောဂါတွေအကြောင်း စုစည်းတင်ပြလိုက်ပါတယ်။

(၁)  ဇီကာ
လက္ခဏာတွေကတော့ ဖျားခြင်း၊ အဆစ်များနာခြင်း၊ အနီစက်များထွက်ခြင်းနှင့် မျက်စိနီရဲခြင်းတို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များတွင် ဇီကာဗိုင်းရပ်စ် ဝင်ရောက်ပါက ပြင်းထန်သောဆိုးကျိူးတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ မွေးလာသောကလေးမှာ ဦးခေါင်းသေးခြင်းနှင့် ဦးနှောက်ပျက်စီးခြင်းတို့  ဖြစ်နိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။

(၂)  သွေးလွန်တုတ်ကွေး
ဖျားခြင်း၊ အနီစက်များထွက်ခြင်း၊ သွေးခြေဥများဖြစ်လွယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွားဖုံးသွေးယိုခြင်းတို့ ဖြစ်စေပြီး သွေးလန့်ခြင်း ဖြစ်တဲ့အဆင့်သို့ရောက်ရှိရင်တော့ အသက်သေဆုံးတဲ့အထိ ပြင်းထန်စေပါတယ်။

(၃)  ငှက်ဖျား
ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ အန်ခြင်းတို့ဖြစ်စေပြီး ပြင်းထန်ပါက ကိုယ်ခန္ဓာအစိတ်အပိုင်းများ ထိခိုက်စေတတ်ပါတယ်။ ငှက်ဖျားရှိသောနေရာဒေသများသို့ သွားရမယ်ဆိုရင် ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်စက်ခြင်းကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။

(၄)  ဆင်တုပ်ကွေး
ဖျားခြင်း၊ အနီစက်များဖြစ်ခြင်း၊ သွားဖုံးသွေးယိုခြင်းနှင့် အလွန်ပြင်းထန်သော အဆစ်နာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရစေပါတယ်။ အဖျားသက်သာပြီးတဲ့အချိန်မှာတောင်မှ အဆစ်နာကျင်ခြင်းဟာ လများကြာသည်အထိ မပျောက်ဘဲ ကျန်ခဲ့နိုင်ပါတယ်။
ခြင်ကတစ်ဆင့် ကူးစက်နိုင်သောရောဂါများအနက် အချို့မှာ အလွန်ပြင်းထန်တဲ့အတွက် မပေ့ါဆဘဲ အချိန်မီ ဆေးခန်းပြသသင့်ပါတယ်။ ထို့ပြင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များဝတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ အိမ်ပတ်ဝန်းကျင်တွေ ခြင်အောင်းနိုင်တဲ့နေရာများကို ရှင်းလင်းခြင်း၊ အိပ်စက်တိုင်းမှာ ခြင်ထောင်ဖြင့်အိပ်ခြင်း၊ ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝအောင်စားခြင်းတို့ဖြင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကင်းဝေးအောင် နေထိုင်ကြဖို့ အကြံပြုလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)