ခြင်ကိုက်ရင် ဖြစ်တတ်တဲ့ တုံ့ပြန်မှုအမျိုးမျိုး
ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်မှာ သံလိုက်လိုမျိုး ခြင်ကိုက်ရင်လည်း သူ့ပဲကိုက်တာများ၊ ကြမ်းပိုးဆိုလည်း သူများတွေ အတုပ်မခံရလည်း သူပဲ အတုပ်ခံရတဲ့လူမျိုးတွေကို တွေ့ဖူးမှာပါ။ ပြီးတော့ ခြင်လေး နည်းနည်းကိုက်ခံရတာနဲ့ သူများတွေမှာ ဘာမှမဖြစ်ပါဘဲ သူ့မှာကျမှ အဖုအပိမ့် အကြီးကြီးတွေ ထွက်လာတာမျိုးလည်းရှိရဲ့။ ခြင်ကိုက်တဲ့အခါမှာ ခြင်ရဲ့တံတွေးနဲ့ ဓာတ်မတည့်ဘဲ တုံ့ပြန်ကြတာ အနည်းနဲ့အများတော့ ရှိတာပါပဲ။
ခြင်ကိုက်တဲ့အခါမှာ မတူညီတဲ့တုံ့ပြန်မှုတွေကို ကြည့်ကြရအောင်။
1. ဘာတုံ့ပြန်မှုမှမရှိ
တချို့လူတွေက ခြင်ကိုက်ခံရပေမယ့်လည်း နီလာတာ၊ အဖုထွက်တာ၊ ယားတာတွေ မရှိပါဘူး။ ဒါက အင်းဆက်ပိုးရဲ့တံတွေးကို ဓာတ်မတည့်တာ မရှိတဲ့အတွက် ကံကောင်းပါတယ်လို့ ပြောချင်ပါတယ်။
2. အဖုအပိမ့်ထွက်
အများစုက ခြင်စကိုက်ခံရချင်းမှာ အဖုကြီး ထွက်လာပြီးတော့ ဖြည်းဖြည်းချင်းမှ အနီဖုသေးသေးလေးအဖြစ် ပြောင်းသွားပါတယ်။ ပြီးရင် နည်းနည်းလေး ရောင်ပြီးတော့ ယားကျန်ခဲ့ပါတယ်။
3. အရည်ကြည်ဖုများ
အရည်ကြည်ဖုထွက်တာကတော့ ပိုပြီးတော့ပြင်းတဲ့ ဓာတ်မတည့်မှုကို ပြပါတယ်။ အရည်ကြည်ဖုတွေကို မဖောက်ပါနဲ့။ ပြီးတော့ အကြိတ်တွေ ရောင်လာတာ၊ ခေါင်းကိုက်တာ ရှိ/မရှိ စောင့်ကြည့်ပါ။ Benadryl/ hydrocortisone/ Calamine lotion စတဲ့ လိမ်းဆေးတစ်ခုခု လိမ်းပေးပါ။
4. အင်ပြင်ထခြင်း
အပြင်းထန်ဆုံး တုံ့ပြန်မှုတွေထဲက တစ်ခုကတော့ အင်ပြင်တွေ ထတာပါ။ ဒါက ခန္ဓာကိုယ်အနှံ့ပေါ်မှာ အကွက်လိုက်ကြီး ထပြီးတော့ ကိုယ်ပူခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အကြိတ်ရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါက အရမ်းမစိုးရိမ်ရပေမယ့်လည်း ဆေးခန်း ချက်ချင်းသွားပြသင့်ပါတယ်။
5. ဓာတ််မတည့်ပြီးတော့ shock ရခြင်း
ဒါကတော့ အရမ်းပြင်းထန်တဲ့ တုံ့ပြန်မှုဖြစ်ပြီးတော့ shock ရပြီဆိုရင် အသက်ရှူမြန်၊ မူးဝေထိုင်းမှိုင်း၊ ရောင်ရမ်းခြင်းတွေဖြစ်ပြီးတော့ အသက်ရှူရင် အသံမြည်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေက သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့အတွက် အရေးပေါ်ကုသမှုခံယူဖို့ လိုပါတယ်။
ခြင်ကိုက်ခံရပြီးနောက်မှာ ခြင်ကိုက်ရင် ဖြစ်တတ်တဲ့လက္ခဏာတွေနဲ့ မတူတဲ့ ခေါင်းကိုက်တာ၊ ဖျားတာ၊ စိတ်ရှုပ်ထွေးတာ၊ အန်တာ၊ အကွက်တွေ ထတာတွေရှိရင် မှန်ကန်တဲ့ကုသမှုခံယူပါ။
ခြင်ကိုက်ခံရရာကနေပြီးတော့ ရောဂါပိုး ကူးစက်ခံရရင် ခြင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။
အရေးပေါ်ကုသမှု ခံယူဖို့မလိုတဲ့ ခြင်ကိုက်ရာလေးတွေ ဆိုရင်တော့ ရေခဲဝတ်အုံပေးတာ၊ အယားပျောက်ဆေး လိမ်းပေးတာလေးတွေကို အိမ်မှာလုပ်ပေးလို့ ရပါတယ်။ ပြီးတော့ ခြင်ကိုက်မခံရအောင် အရောင်ဖျော့တဲ့ အဝတ်အစားတွေကို ဝတ်ပါ၊ ခြင်နိုင်ဆေး လိမ်းပါ၊ ရေဝပ်နေတဲ့နေရာမရှိအောင် လုပ်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























