/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေချင်းဝတ်-အဆစ်လည်တဲ့အခါ

ခြေချင်းဝတ် အဆစ်လည်တဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်းဆိုသလိုပဲ မထင်မှတ်ဘဲ ခြေချော်တဲ့အခါ ခြေချင်းဝတ် အဆစ်လည်သွားတတ်တယ်နော်။ တော်တော်လည်း အဖြစ်များတဲ့ပြဿနာတစ်ခုပါပဲ။ ခြေချင်းဝတ် လည်တယ်ဆိုတာ ခြေချင်းဝတ်မှာရှိတဲ့ အရိုးအချင်းချင်း ဆက်ပေးထားတဲ့ အရွတ်တစ်ခုခု ထိခိုက်မိသွားတာပါ။ ခြေချင်းဝတ်မှာ ခြေထောက်ကို ခြေသလုံးနဲ့ တွယ်ဆက်ပေးထားတဲ့ အရိုးတွေ၊ ကြွက်သားတွေ၊ အရွတ်တွေ အများကြီးပါ။ ဒီထဲက အရွတ်တစ်ခုခု ခိုက်မိတဲ့အခါ အရွတ်ကြီး ရှည်ထွက်သွားတာ၊ တစ်ဝက်တစ်ပျက် ပြဲထွက်တာ၊ လုံးလုံးကြီး ပြဲသွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

 

>>    ဘာကြောင့်ဖြစ်ရတာလဲ?

          လှေကားကနေ ခြေချော်ကျတာပဲဖြစ်ဖြစ်၊ အားကစားလုပ်ရင်း ခြေချော်တာပဲဖြစ်ဖြစ် ရုတ်တရက် ခြေချင်းဝတ် လိမ််သွားတဲ့အခါမျိုးမှာ ဖြစ်တတ်တယ်။

 

>>    ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်တတ်သလဲ?

●        နာတာ ကျင်တာ

●        ဖောင်းပြီး အညိုအမည်းတွေ ဖြစ်လာတာ

●        ခြေချင်းဝတ် သုံးရတာ၊ လှုပ်ရတာ အဆင်မပြေတာမျိုးတွေ ဖြစ်လာတတ်တယ်။

          ဒီလိုလက္ခဏာတွေအပြင် ခြေချင်းဝတ်ကို ဓာတ်မှန်ရိုက်ခြင်းဖြင့် တကယ်အရွတ်ဒဏ်ဖြစ်တာ ဟုတ်၊ မဟုတ် သိနိုင်တာပေါ့။

 

>>    ဘယ်လိုကုသကြမလဲ?

          အရွတ်အနာကျက်တဲ့အထိကို နာကျင်စေနိုင်တဲ့ လှုပ်ရှားမှုမှန်သမျှ ရှောင်သင့်ပါတယ်။

          အရွတ်ကို  သန်မာစေမယ့် လေ့ကျင့်ခန်းတွေလည်း လုပ်ပေးဖို့ လိုပါတယ်။

          ခြေချင်းဝတ်စွပ်ကျပ်စည်းတွေကိုလည်း ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း တပ်ပေးဖို့လိုပါတယ်။ မနာမကျင်ဘဲ လမ်းကောင်းကောင်း လျှောက်နိုင်အောင် ချိုင်းထောက်သုံးဖို့လည်း လိုကောင်းလိုနိုင်ပါတယ်။

          ခြေချင်းဝတ်အရွတ်ကြီး လုံးလုံးပြဲထွက်သွားရင်တော့ ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက်မှာတော့ ၄ ပတ်ကနေ ၈ ပတ်အထိ ကျောက်ပတ်တီး စည်းထားရပါလိမ့်မယ်။

          ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သက်သာသွားပါလိမ့်မယ်။ တချို့တွေမှာတော့ လနဲ့ချီပြီး နာနေတာမျိုးလည်း ရှိတတ်ပါတယ်။ အဓိကကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ကုသဖို့ပါပဲ။

 

>>    အိမ်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ?

          ဒဏ်ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နာတာ၊ ရောင်တာသက်သာစေဖို့ -

●        ရေခဲ၊ ဂျယ်လီအေး၊ ရေခဲထုတ်တွေကို ဒဏ်ဖြစ်တဲ့နေရာမှာ တစ်ခါကပ် မိနစ် ၂၀ ခန့်နဲ့ ၃ နာရီ၊ ၄ နာရီခြားတစ်ခါလောက် ကပ်ပေးပါ။

●        ထိုင်ရင်ပဲဖြစ်ဖြစ်၊ အိပ်နေချိန်ပဲဖြစ်ဖြစ် ခေါင်းအုံးအမြင့်လေးပေါ်မှာ ခြေထောက်တင်ထားပေးပါ။

●        Acetaminophan, ibuprofenစတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ပေးပါ။ Ibuprofen လိုမျိုး အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ်သွေးကြောပေါက်တာမျိုးကို ဖြစ်စေနိုင်တာကြောင့် သတိထားပြီး သောက်ဖို့တော့ လိုပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေပေါ့။ ဆရာဝန် မသောက်ခိုင်းဘဲနဲ့ ၁၀ ရက်ထက် ပိုသောက်တာမျိုးကို ရှောင်သင့်ပါတယ်နော်။

 

>>    ဆရာဝန်ကို

●        ဘယ်အချိန်မှာ စစ်ဆေးထားတဲ့အဖြေတွေ ရမယ်။

●        သက်သာဖို့ ဘယ်လောက်ကြာမယ်။

●        ဘယ်လိုလှုပ်ရှားမှုတွေကို ရှောင်ရှားပြီး ဘယ်အချိန်မှာ ပုံမှန်လှုပ်ရှားနိုင်မယ်။

●        အိမ်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုစောင့်ရှောက်ရမယ်။

●        ဘယ်လိုလက္ခဏာတွေကို စောင့်ကြည့်ရမယ်ဆိုတာတွေကို မေးမြန်းပါ။

 

          အရေးအကြီးဆုံးအနေနဲ့ ခြေချင်းဝတ်မလိမ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာကို သိထားသင့်ပါတယ်။

          လှုပ်ရှားမှုတွေ မပြုလုပ်ခင်မှာ အကြောလျှော့လေ့ကျင့်ခန်းလေး ပြုလုပ်ပေးသင့်ပါတယ်။

          အလုပ်မှာပဲဖြစ်ဖြစ်၊ အားကစားမှာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ကာကွယ်ရေးကိရိယာတွေကို ဝတ်ဆင်ပေးဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)