ခြေထောက်ကျဉ်ခြင်း
ခြေထောက်ကျဉ်ဖူးတဲ့သူတိုင်းဟာ ဒါဟာခဏတာပဲဖြစ်ပြီး ခြေထောက်မှာ လေးလေးကြီးခံစားရပြီး ခံစားမှုအာရုံပျောက်ဆုံးသွားသကဲ့သို့ (သို့) အပ်နဲ့ထိုးသလို စူးစူးကြီးခံစားရမှန်းသိကြပါတယ်။
လူအများစုကတော့ ဒီလိုဖြစ်ရတာဟာ ခြေထောက်ကို သွေးစီးဆင်းမှုပြတ်တောက် သွားတာကြောင့်လို့ ပြောကြပေမယ့်လည်း တကယ်တမ်းတော့ အာရုံကြောမျှင်တွေနဲ့ ပိုမိုသက်ဆိုင်ပါတယ်။ အာရုံကြောမျှင်တွေဟာ သေးငယ်တဲ့ အပ်ချည်မျှင် (သို့) ဝါယာကြိုးတွေနဲ့တူပြီး ခန္ဓာကိုယ် အနံ့ှအပြားမှာရှိပါတယ်။ သူတို့က ဦးနှောက်နဲ့ခန္ဓာကိုယ်ကြားမှာ သတင်းအချက်အလက်တွေကို သယ်ယူပို့ဆောင်ပေးပါတယ်။
ခြေထောက်ကိုဖိထိုင်မိပါက အဲဒီနေရာမှာရှိတဲ့ အာရုံကြောတွေကိုဖိထားတာကြောင့် ဦးနှောက်ကို သတင်းအချက်အလက်တွေ မပေးပို့နိုင်တော့ပါဘူး။ ထိုခဏတာတွင်းမှာ အဆက်အသွယ်ပြတ်တောက်သွားပြီး ဘာမှမခံစားရတော့တာဖြစ်ပါတယ်။
မတ်တပ်ရပ်လိုက်တဲ့အခါ (သို့) ခြေထောက်ကို ဖြည်ချလိုက်ပါက အာရုံကြောတွေကို မဖိထားတော့တဲ့အတွက် ခံစားမှုတွေချက်ချင်းပြန်ရောက်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ အပ်နဲ့ထိုးသလို နာကျင်ခြင်း (သို့) ကျဉ်ခြင်းဝေဒနာကို ခံစားရပါတယ်။ ဒါပေမယ့် ဒါဟာ စက္ကန့်အနည်းငယ်သာကြာပြီး ခန္ဓာကိုယ်ကိုထိခိုက်မှုအလျဉ်းမရှိပါ။
ခြေထောက်ကျဉ်ခြင်းဆို်တာ လူတိုင်းဖြစ်နေကျမို့ စိုးရိမ်စရာမလိုပေ။ အကယ်၍ ခြေထောက်ကျဉ်ခြင်း ကို ရှောင်ရှားလိုပါက အကြာကြီးဆောင့်ကြောင့်ထိုင်ခြင်းကို ရှောင်ကြဉ်ခြင်း၊ ပုံစံတစ်မျိ်ုးပဲအကြာကြီးမထိုင်ဘဲ မကြာခဏပုံစံပြောင်းပေးခြင်း စတာတွေကိုပြုလုပ်နိုင်ပါတယ်။
Dr. Thinzar Wynn






























