ခြေထောက်တစ်ဖက်တည်း ရောင်နေရင် ဒါလေး သတိထားနော်
ကာလရှည်ကြာ ဆေးရုံတက်ရောက် ကုသထားသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အလှုပ်အရှားနည်းသူတွေ၊ ဝသူတွေ၊ အရိုးကျိုးထားသူတွေမှာ ခြေသလုံးသွေးကြောတွင်းမှာ စတင်သွေးခဲလာတတ်ပါတယ်။ အဲဒီသွေးခဲလေးကြောင့် ခြေထောက်လေးက ရောင်လာ၊ နာလာပြီး စိုးရိမ်စရာ တချို့အခြေအနေတွေကို ကူးပြောင်းရောက်ရှိသွားတတ်ပါသတဲ့။
ပထမဆုံးလက္ခဏာကတော့ ခြေထောက်ကလေး ရောင်လာပါမယ်။ နီရဲလာမယ်။ ဖိရင်နာမယ်။ တချို့လူတွေမှာ ဘာလက္ခဏာမှမပြဘဲ တိတ်တဆိတ် သွေးခဲနေတတ်ပြန်ပါသတဲ့။ ခြေသလုံးသွေးကြောထဲက သွေးခဲလေးက သူ့ဟာသူနေရင် သိပ်မဆိုးသေး။ ပြုတ်ထွက်သွားရင်တော့ ဇာတ်လမ်းရှုပ်ပြီသာ မှတ်ပါတော့။ အဲဒီသွေးခဲလေးက အဆုတ်သွေးကြောမှာ သွားပိတ်ပြီး အသက်ရှူကြပ်မယ်၊ နှလုံးခုန်မြန်မယ်၊ မူးမေ့လဲမယ်၊ ရင်ဘတ်တွေ အကြီးအကျယ်အောင့်မယ်။ ဒါမှမဟုတ် ချောင်းဆိုး သွေးပါတာလည်း ရှိတတ်ပါတယ်။
သွေးပျစ်နေပြီး သွေးလည်ပတ်မှု မကောင်းတဲ့လူတွေမှာ ပိုဖြစ်တတ်ပါတယ်၊ ဒါကတော့ မျိုးရိုးနဲ့ဆိုင်တာပေါ့။ ဘယ်လိုလူတွေက မျိုးရိုးဗီဇလည်း ကောင်းပါလျက် သွေးခဲကြသလဲ။
● ကင်ဆာဝေဒနာ ခံစားနေရသူတွေ
● ခွဲစိတ်လူနာတွေ
● အသက်ကြီးရင့်သူတွေ
● ဆေးလိပ်သောက်သုံးသူတွေ
● အဝလွန်သူတွေ
● အထိုင်များသူတွေ
● လေယာဉ် အကြာကြီးစီးရသူတွေ ဖြစ်ပါတယ်။
ကိုယ်ဝန်ရှိချိန်မှာလည်း သွေးပျစ်လို့ ခြေသလုံး သွေးခဲတတ်သေးတယ်နော်။ အသက်ကြီးလို့ ဟော်မုန်းကုသမှုခံယူသူ မမတွေမှာလည်း သွေးပျစ်နေတတ်ပြန်ပါသတဲ့။
ခြေထောက်ရောင်ပြီဆိုရင် အာထရာဆောင်းရိုက်ပြီး သွေးခဲ ရှိ၊ မရှိ စစ်ဆေးရပါတယ်။
သွေးခဲတာကို သွေးကျဲဆေး သောက်ရ၊ ထိုးရပါတယ်။ ဆရာဝန် ညွှန်ကြားသလို ဆေးရုံတက်ရောက်ကုသပြီးမှ သွေးကျဲဆေး အလျဉ်းသင့်သလို ဆက်သောက်ရတာမျိုးပါ။
သွေးကျဲဆေးဆိုတဲ့အတိုင်း သွေးခဲနေရာအတွက် ကောင်းပေမယ့် မျက်စိမှုန်တာ ခေါင်းကိုက်တာတွေအပြင် ကိုယ်ပေါ်မှာ အနီစက်ထွက်တာ သွေးယိုတာတွေ ဖြစ်စေပါတယ်၊ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်သလို ဆေးပမာဏကို ညှိရပါတယ်။
သွေးခဲက အခန့်မသင့်လို့ အဆုတ်သွေးကြောပိတ်တဲ့အခါ ချက်ချင်း ဆေးရုံတက်ရောက် ကုသဖို့လိုပါတယ်။ သွေးခဲအတွက် ဆေးသောက်နေရင်း ချောင်းဆိုးသွေးပါ ရင်ဘတ်အောင့်တာတွေ ဖြစ်လာရင် စိတ်ပူရပါပြီ။
အကောင်းဆုံး ကာကွယ်နည်းပြောပါဆိုရင် လှုပ်လှုပ်ရှားရှားနေဖို့ပါပဲ။ သွေးလည်ပတ်မှု အစဉ်ကောင်းနေဖို့ ကြိုးစားလှုပ်ရှားနေသင့်ပါတယ်။ အိပ်ရာပေါ်မှာ အကြာကြီး လှဲမနေသင့်ပါဘူး။ နာတာရှည် လူမမာတွေကိုလည်း အတူတွဲတာ လျှောက်ပေးပါ။ လေ့ကျင့်ခန်း လုပ်ပေးပါ။ သွေးခဲ ရှိ၊ မရှိ ဆရာဝန်နဲ့ပြသပြီး အလျဉ်းသင့်သလို စစ်ဆေးပါ။ ကိုယ်ဝန်ဆောင်လေးတွေအနေနဲ့လည်း သတိပြုပြီး ခြေသလုံး သွေးခဲတာ ကာကွယ်ဖို့ လမ်းလျှောက်ပေးကြဖို့ တိုက်တွန်းပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























