ခြေထောက်တွေ ရောင်တာ ဘာလို့လဲ?
ခြေဖမိုးလေးတွေ အမ်းနေတာ ခြေသလုံးလေးတွေပါ ရောင်တဲ့အခါ စိတ်ပူတတ်သူတွေအတွက် အကြောင်းအရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
● ခြေထောက် ထိခိုက်ဒဏ်ရာရတဲ့အခါ ခြေဖမိုးနဲ့ ခြေသလုံးလေးတွေပါ အလိုက်သင့် လိုက်ရောင်လာတတ်ပါတယ်။ အနာကျက်လာနဲ့အမျှ တဖြည်းဖြည်းချင်း သက်သာလာမှာမို့ စိတ်မပူပါနဲ့နော်။
● နှလုံးညှစ်အား နည်းတဲ့အခါ ခြေထောက် ရောင်လာပါတယ်။ အမောရောဂါပါ ခံစားရတတ်ပြီး ဖြူဖျော့တာ၊ အားနည်းတာ၊ ညာဘက်ဝမ်းဗိုက် နာကျင်တာတွေပါ ရှိနေတတ်ပါတယ်။
● မျက်နှာရော၊ ခြေထောက်ရော ရောင်ရင်တော့ ကျောက်ကပ်ရောဂါ တစ်မျိုးမျိုး ခံစားနေရတတ်ပါတယ်။ ကျောက်ကပ်က ပုံမှန်ရေစွန့်ထုတ်မှု မဆောင်ရွက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
● ခြေထောက် ရောင်တာနဲ့ ခြေသလုံးကြွက်သားတွေ နာကျင်တာတွေ ခံစားရတဲ့အခါ ခြေသလုံး တစ်ဖက်တည်း သွေးခဲတာတွေ ဖြစ်နေတတ်ပါတယ်။ အန္တရာယ်ရှိရောဂါဖြစ်ပြီး ခြေသလုံးက သွေးခဲက အဆုတ်သွေးကြောကို ပိတ်ဆို့သေဆုံးတတ်လို့ ဖြစ်ပါတယ်။
● ခြေသလုံး သွေးလွှတ်ကြောတွေ မှန်ကန်စွာ အလုပ်မလုပ်တဲ့ရောဂါ ဖြစ်နေတတ်ပါတယ်။ မည်းညစ်ညစ်အရောင် ပြောင်းလာပြီး ခြေဖျားအေးတာ ထုံတာ၊ ကျဉ်တာတွေပါ ခံစားရလေ့ ရှိပါတယ်။ သွေးအရောက် နည်းသွားတဲ့အတွက် ဒဏ်ရာဖြစ်တဲ့အခါ အနာမကျက်လွယ်တော့ပါဘူး။
● ဆင်ခြေထောက်ရောဂါ ဖြစ်တဲ့အခါမှာလည်း ခြေထောက်တွေ ရောင်လာပါတယ်။ ခြေသလုံး ပြန်ရည်ကြောတွေဟာ လုံးဝပိတိဆို့သွားပြီး ခြေထောက် အလွန်အမင်း ရောင်ကိုင်းလာပါတယ်။ ဆင်ခြေထောက်ရောဂါဆေး ဆေးပတ်လည်အောင် သောက်သုံးကုသရပါတယ်။
● ကိုယ်ဝန်ဆောင်လေးတွေ ခြေထောက် ဖောရောင်တာကတော့ ကိုယ်ဝန်က သွေးကြောမကြီးကို ဖိနှိပ်နေတဲ့အတွက် သွေးပြန်နှုန်း နည်းသွားပြီး ရောင်လာလေ့ ရှိပါတယ်။
>> ခြေထောက်ရောင်တဲ့အခါ အရေးကြီးလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
● မောမယ်၊ မူးဝေမယ်
● ဆီးထွက်နည်းမယ်၊ မျက်နှာပါ ရောင်လာမယ်
● ခြေထောက် ကိုက်မယ်
● ခြေသလုံး နာမယ်
● ပူတာ၊ ကျဉ်တာ၊ ထုံတာတွေ ရှိမယ်ဆိုရင်
● ဆီးချိုရောဂါရှိပြီး ခြေထောက်ရောင်လာမယ်ဆိုရင်
● အနာမကျက်ရင်
ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးကြပါလို့ အကြံပြုပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























