/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်နာတဲ့အခါ

ခြေထောက်နာတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတိုင်း ခြေထောက်နာဖူးကြမှာပါ။ ခြေထောက်နာရင်လည်း သက်သာအောင်လုပ်ကြတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘာကြောင့်နာတယ်ဆိုတဲ့အကြောင်းကို ရှာပြီး ကုသရင် ပိုကောင်းပါတယ်။ ဆေးသောက်တာတင် မဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့လည်း သက်သာအောင်လုပ်လို့ ရပါတယ်။

>>  အပြင်ကနေ သက်သာအောင် လုပ်ပေးတာ
ဒီနည်းက အရမ်းကို သိသာပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် ဒဏ်ရာရလို့ ခြေထောက်နာတဲ့အခြေအနေမျိုးမှာ ရေခဲကပ်လိုက်တာမျိုးပါ။ ရောင်ရမ်းတာကို အရမ်းသက်သာစေပါတယ်။ သွေးကြောပြဿနာကြောင့် ရောင်ရမ်းနာကျင်တဲ့လူတွေအဖို့တော့ ရေနွေးအိတ် ကပ်ပေးတာမျိုးက ကောင်းပါတယ်။
နောက်ပြီးတော့ နှိပ်နယ်တာနဲ့ အပ်စိုက်တာမျိုး။ နှိပ်နယ်ပေးတာက ကြွက်သားတွေ၊ အရွတ်တွေကို မြန်မြန်ကျန်းမာစေပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်ဆီမှာ အနှိပ်ခံဖို့တော့ လိုပါတယ်။ အပ်စိုက်တာကတော့ နာကျင်မှုကို ခံစားရတာ လျော့သွားအောင် လုပ်ပေးပါတယ်။

>>  ခြေထောက်ကို သေချာ ဂရုစိုက်ပေးပါ။
ခြေထောက်နာလေ့ရှိသူတွေမှာ ပြေးတဲ့အခါ၊ လမ်းလျှောက်တဲ့အခါမျိုးတွေမှာ သက်သာအောင်၊ အနေအထားမှန်အောင်လို့ ဖိနပ်ထဲကို အထူးပြုပြင်ထားတဲ့ အောက်ခံပြားလေးတွေ ထည့်လို့ရပါတယ်။ ဒီအပြားလေးတွေကို ခြေထောက်အထူးကုတွေက ကိုယ့်ရဲ့ခြေထောက်ကို သေချာတိုင်းထွာပြီး ပြုလုပ်ပေးပါတယ်။

>>  ဆေးတွေ သောက်လို့ရပါတယ်။
ရောင်ရမ်းတာ၊ နာကျင်တာတွေကို သက်သာအောင် သောက်လို့ရတဲ့ဆေးတွေက အများကြီးရှိပါတယ်။
လွယ်လွယ်ကူကူ ဝယ်ပြီး သောက်နေကြတာကတော့ ပါရာစီတမောတို့၊ အက်စပရင်တို့ပါ။ နောက်ပြီး ဒီထက်ပိုသက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးကိုတော့ ဆရာဝန်တွေက လိုအပ်ရင် ပေးပါလိမ့်မယ်။
တချို့ အရမ်းဆိုးရင် စတီးရွိုက်လို့ခေါ်တဲ့ အရောင်ကျဆေးကို ခြေထောက်ထဲ ထိုးတာမျိုး လုပ်ပေးပါတယ်။ လိုအပ်ရင် ပါးစပ်ကလည်း တိုက်ပါတယ်။
လေးဖက်နာ၊ အဆစ်အမြစ်ရောင်ရောဂါရှိသူတွေအနေနဲ့က DMARDS လို့ခေါ်တဲ့ ဆေးအမျိုးအစားတွေ သောက်ရပါတယ်။ အနာသက်သာစေဖို့သာမက ရောဂါအခြေအနေ မဆိုးသွားအောင် ထိန်းထားဖို့ပါ။
ဂေါက်လို့ခေါ်တဲ့ ရောဂါကြောင့် နာတာဆိုရင်တော့ ယူရစ်အက်စစ်ကို နည်းစေတဲ့ဆေးတွေ သောက်ရပါမယ်။

>>  ခွဲစိတ်ကုသတာ
ခြေထောက်နာတာ အရမ်းအရမ်းဆိုးပြီး လမ်းလျှောက်လို့မရ၊ ပုံမှန်လှုပ်ရှားတာတွေ လုပ်လို့မရတော့ဘူး ဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။ နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ်။
ဘယ်လိုခွဲစိတ်မှုမျိုး လုပ်မလဲဆိုတာ ခြေထောက်နာရတဲ့ အကြောင်းအရင်းနဲ့ ဘယ်လိုနာတယ်ဆိုတဲ့ အပေါ်တွေမှာ မူတည်ပါတယ်။ နောက်ပြီး ခွဲစိတ်မှုတွေ လုပ်ပြီးရင်လည်း လေ့ကျင့်ခန်း ပုံမှန်ပြန်လုပ်ဖို့ လိုအပ်ပါတယ်။ ဆရာဝန် ရက်ချိန်းတိုင်လည်း သေချာသွားရမယ်။ ဒါမှလည်း မြန်မြန်ပြန်ကောင်းပြီး နောက်ပိုင်းမှာ နာတာတွေ သက်သာသွားမှာပါ။

Dr. Htar (www.drmyanmar.com)