ခြေထောက် နာကျင် ကိုက်ခဲနေတာ ဘာကြောင့်လဲ
ခြေထောက်တွေ ညောင်းတဲ့၊ ကိုက်တဲ့၊ နာတဲ့အခါဆို အိပ်ရာထဲမှာပဲ လှဲနေချင်မိမှာနော်။ မိုးတွင်းမှာ ခြေထောက်တွေ ကိုက်ခဲနေတတ်တာ နာတာတွေက ဘာကြောင့်ပါလိမ့် ...
● ခြေသလုံးကြွက်သားတွေ နာတဲ့အခါ ဒီလိုရာသီမှာ သွေးလွန်တုပ်ကွေး နဲ့ လက်ပတိုစပိုင်ရိုးစစ်ရောဂါကို သတိရပေးပါ။ အသားဝါတာ နှာခေါင်းသွေးယိုတာ ဖျားတာတွေပါ တွဲလာလေ့ရှိပါတယ်။ မိုးတွင်းမှာ ဖြစ်တတ်တဲ့ ရောဂါနှစ်မျိုး ဖြစ်နေနိုင်တာမို့ ဓာတ်ဆားရည်သောက်ပါ။ ဆန်ပြုတ်သောက်ပြီး ကောင်းကောင်း နားပေးပါနော်။
● ခြေမအဆစ်တွေ ကိုက်တဲ့အခါ ယူရစ်အက်ဆစ်များတဲ့ ဂေါက်ရောဂါဖြစ်နေနိုင်တာမို့ သွေးစစ်ပြီးကုသမှုယူသင့်ပါတယ်။
● ဒူးဆစ်တွေ ရောင်တာက အဆစ်အမြစ်ရောင်ရောဂါအပြင် အသက်ကြီးလို့ အရိုးပွတဲ့အခါလည်း ဖြစ်နေနိုင်ပါတယ်။ ဒူးစွပ်စွပ်ခြင်း ရေနွေးအိတ်ကပ်ခြင်းတွေ လုပ်ပေးပြီး အရောင်ကျအောင် နားသင့်ပါတယ်။ တချို့တုပ်ကွေးတွေမှာ ဒူးဆစ်တွေ ရောင်လာတာလည်း ရှိတတ်ပါတယ်။ တစ်ပတ်လောက်နေတဲ့အခါ သူ့အလိုလို သက်သာသွားတတ်ပါတယ်။
● ခြေထောက်နာတာက လမ်းလျှောက်ရင်းနာတာ ရပ်နေရင် သက်သာသွားတာ ညအိပ်တဲ့အခါ နာတာတွေ ရှိလာရင်တော့ သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်နေတတ်တာမို့ သွေးကြောချဲ့ ကုသတာမျိုးတွေ လိုလေ့ရှိပါတယ်။
● ခြေသလုံးတွေ နာတာက ရောင်တာနဲ့တွဲတဲ့အခါ တစ်ဖက်တည်း အလွန်အကျွံ ရောင်ကိုင်းတဲ့အခါ အထိမခံနိုင်အောင်နာတဲ့အခါ ခြေသလုံးသွေးကြောတွေ သွေးခဲတဲ့ရောဂါ ဖြစ်နေနိုင်ပါတယ်။ အလှုပ်အရှားနည်းသူတွေ ခွဲစိတ်ကုသမှုခံယူထားသူတွေ အဝလွန်သူတွေမှာ အများဆုံး ဖြစ်နေနိုင်ပါတယ်။ ခဲနေတဲ့သွေးခဲဟာ အဆုတ်သွေးကြောမကြီးကို ရုတ်တရက်ပိတ်ဆို့ပြီး သေဆုံးနိုင်ခြေ ရှိပါတယ်။
ထိခိုက်ဒဏ်ရာရတာမရှိဘဲ အကျိုးအကြောင်းမရှိ ခြေထောက်တွေ နာကျင်ကိုက်ခဲတဲ့အခါ ဒါတွေ ရှိရင် အထူးသတိထား ဆရာဝန် ပြသစေလိုပါတယ်။
◊ လမ်းလျှောက်ရင်း ရုတ်တရက် နာလာပြီး နားလိုက်မှ သက်သာသွားတာမျိုး
◊ ခြေထောက် ထုံတာ၊ ကျင်တာ
◊ ခြေသလုံး တစ်ဖက်တည်း အလွန်အမင်းရောင်တာ
◊ ခြေသလုံးကြွက်သားတွေ နာကျင်တာ
◊ ဖျားမယ်၊ တခြားအဆစ်တွေပါ ကိုက်မယ်
ဒါဆိုရင် ဆရာဝန်ပြသ စစ်ဆေးခြင်းဖြင့် ခြေထောက်ကိုက်တာကို ပေါ့မနေဖို့ သတိပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























