/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်-ရောင်ရတဲ့-အကြောင်းရင်း

ခြေထောက် ရောင်ရတဲ့ အကြောင်းရင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်နေကုန် ပြေးဟယ်လွှားဟယ် လှုပ်ရှားရုန်းကန်နေရပြီး ညဘက်နားတဲ့အချိန်မှ ခြေထောက်လေးတွေ ဖောင်းဖောင်းလေးဖြစ်နေတာကို သတိထားမိပါသလား။ ရုတ်တရက်တော့ လန့်သွားမှာပဲနော်။ ခြေထောက်ရောင်နိုင်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။     အချိန်အကြာကြီး မတ်တပ်ရပ်ရ၊ ထိုင်ရတဲ့အလုပ်တွေ

          အချိန်အကြာကြီး မတ်တပ်ရပ်ရ၊ ထိုင်ရတဲ့အခါ သွေးကြောကို ကြွက်သားက မညှစ်တော့တာကြောင့် သွေးလည်ပတ်မှုမရှိဘဲ ခြေထောက်ကြီး ဖောင်းကားလာတတ်တယ်။ ဒီလိုမဖြစ်ရလေအောင် တစ်နာရီမှာ ၅ မိနစ်လောက် ခဏထိုင်တာ၊ ခြေထောက်ကို မြှောက်ထားတာတွေ လုပ်ပေးဖို့လိုတယ်။ ဒါနဲ့မှ မသက်သာဘူးဆိုရင် ညှစ်အားရှိတဲ့ အသားကပ်တွေ ဝတ်ပေးပါ။

 

၂။     ဆား အစားများခြင်း

          ခန္ဓာကိုယ်မှာ ရေစုစေတဲ့ အဓိကတရားခံကတော့ ဆားပါပဲ။ ကိုယ်ခန္ဓာထဲဝင်တဲ့ ဆားအများစုဟာ စားတဲ့ဆားထက် အသင့်စား အစားအသောက်တွေ၊ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ အပြင်စာတွေကနေ အဓိကလာတယ်။ ဒါကြောင့် ဆားနည်းတဲ့ အသီးအရွက်တွေ၊ အစေ့အနှံတွေ၊ မပြုပြင်ထားတဲ့ ဂျုံနှံပြောင်းတွေကို စားပေးပါနော်။

 

၃။     ကိုယ်ဝန်ဆောင်ခြင်း

          ကလေးလေး ကြီးလာတာနဲ့အမျှ သားအိမ်က သွေးကြောကိုဖိတာမို့ ကိုယ်ဝန်ဆောင်ချိန် ဒုတိယကာလကနေစပြီးတော့ ခြေထောက်တွေ ဖောရောင်လာတတ်တယ်။ ကြောက်စရာ မလိုပါဘူးနော်။ ကိုယ်ဝန်ရင့်လာလေလေ၊ ဖောလာလေလေနေမှာပါ။ သက်သာအောင် ကြာကြာမရပ်၊ မထိုင်ပါနဲ့။ ခြေထောက်ကို မြှောက်ထိုင်ပေးပါ။ ညှစ်အားပါတဲ့ အသားကပ်ဘောင်းဘီဝတ်ပေးပါ။ ညဘက်အိပ်ချိန် ပက်လက်အိပ်ရင် သားအိမ်ကသွေးကြောကို ပိုဖိနိုင်လို့ ဘေးတစောင်းလေး အိပ်ပေးပါ။

 

၄။     အဝလွန်နေခြင်း

          အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးထဲမှာ ခြေထောက်တွေ ဖောတာလည်း ပါ,ပါတယ်။ တစ်ကိုယ်လုံးအလေးက သွေးကြောတွေကိုဖိပြီး သွေးကောင်းကောင်း မလျှောက်တော့လို့ပါပဲ။ ကိုယ်အလေးချိန် လျှော့ချပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

 

၅။     ခြေချင်းဝတ်တွေ၊ ခြေထောက်တွေ ထိခိုက်မိခြင်း

          ခြေခေါက်လဲတာ၊ ခြေလိမ်သွားတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ဖြစ်တဲ့အခါ ရောင်ရမ်းမှုတွေ ဖြစ်လာတတ်တယ်။ ခြေထောက်ကို ခွဲစိတ်တာကလည်း ရောင်စေတတ်သေးတယ်။ ခြေထောက်ကို မြှောက်ထားတာ၊ ရေခဲကပ်တာ၊ အလေးအပင်တွေ မ,မမိအောင်ထိန်းတာမျိုးတွေ လုပ်ပေးပါ။

 

၆။     ဟော်မုန်း တက်လိုက်ကျလိုက် ဖြစ်နေခြင်း

          သားဥကြွေပြီးနောက် ဟော်မုန်းအပြောင်းအလဲကြောင့်သော်လည်းကောင်း၊ တားဆေးတွေကြောင့်သော်လည်းကောင်း ဖောရောင်နေတတ်တယ်။ ဒီလိုဖောရောင်တာတွေ သက်သာဖို့ ရေ လျှော့သောက်၊ အငန် လျှော့စားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။

 

၇။     ရောင်စေတဲ့ဆေးတွေ

          ဆီးချိုဆေး၊ သွေးကြောကျယ်စေတဲ့ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ အတက်ကျဆေး၊ ကင်ဆာဆေးတွေနဲ့ ပါကင်ဆန်ရောဂါကုဆေးတွေကြောင့်လည်း ဖောရောင်တတ်သေးတယ်။

 

၈။     ပိုးဝင်နေခြင်း

          ဖောင်းနေတဲ့အပြင် နီရဲပြီး နာနေခဲ့ရင် ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုလိုမျိုး အာရုံကြော မကောင်းသူတွေမှာဆို နာတာ၊ ကိုက်တာ မရှိတာကြောင့် သိတဲအချိန်မှာ ပိုဆိုးသွားတတ်တယ်။

          ခြေထောက် မခြောက်ရအောင် အစိုထိန်းခရင်မ်လေး လိမ်းပေးပါ။ ပိုးဝင်သွားပြီဆိုရင်တော့ ပိုးသတ်ဆေး ကောင်းကောင်းသောက်ဖို့ လိုပါလိမ့်မယ်။

 

၉။     လင့်ပြန်ကြောပိတ်ရောင်ခြင်း

          လင့်ပြန်ကြောတွေဟာ ခုခံအားစနစ် သွေးဖြူဥတွေကို သယ်ဆောင်နေတ့ဲလမ်းကြောင်းဖြစ်ပြီးတော့ သူ ပိတ်တဲ့အခါ ခြေထောက်ကြီး ရောင်ကိုင်းလာတ်တယ်။ အထူးသဖြင့် ပေါင်ခြံအကြိတ်တွေကို ခွဲထုတ်လိုက်ရင်ပေါ့။

          မွေးရာပါအခြေအနေတွေမှာလည် တွေ့ရတတ်ပါတယ်။

 

၁၀။    နှလုံးကောင်းကောင်း မညှစ်နိုင်ခြင်း

          အထူးသဖြင့် နှလုံးဘက်အခန်းတွေ ကောင်းကောင်းမညှစ်နိုင်တဲ့အခါ ဖြစ်တတ်တယ်။ ကြာလာရင် ဖိလိုက်တဲ့အခါ ချိုင့်ဝင်သွားတတ်တယ်။ ပြီးတော့ မောတာ၊ ကြပ်တာနဲ့ပါ တွဲလာရင်တော့ ဆရာဝန်နဲ့ပြပါတော့။

 

၁၁။    သွေးခဲပိတ်ခြင်း

          အကြာကြီး မလှုပ်မယှက် ထိုင်ရတဲ့အခြေအနေမျိုးမှာ ဖြစ်တတ်တယ်။ အထူးသဖြင့် အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ နှလုံးအားနည်းခြင်း၊ ကျောက်ကပ်ပြဿနာ၊ အရင်က သွေးခဲပိတ်ဖူးတာ၊ ကင်ဆာရောဂါန့ဲ တားဆေးတွေကြောင့် ပိုဖြစ်နိုင်ခြေ များတယ်။ ခြေထောက်ကြီး ရောင်တဲ့အပြင် နာပါ နာလာတတ်တယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်၊ ကိုယ်အလေးချိန် ထိန်းဖို့လိုပါတယ်။

 

၁၂။    ကျောက်ကပ်ပျက်စီးခြင်း

          ကျောက်ကပ်က ခန္ဓာကိုယ်ထဲက အရည်တွေကို ကောင်ကောင်း မစွန့်ပစ်နိုင်တော့တာကြောင့် အရည်တွေ စုပုံလာပြီး ခြေထောက် ရောင်တတ်သေးတယ်။

          ဒီလို ကျောက်ကပ်ရောဂါတွေ၊ နှလုံးရောဂါတွေကြောင့် ရေတွေ စုပုံလာတဲ့အခါ ဆီးဆေးတွေက ကျောက်ကပ်ကနေ ရေစွန့်ပစ်မှုကို များစေနိုင်ပါတယ်။

 

၁၃။    အသည်းရောဂါ

          အသည်းရောင် အသားဝါပိုးတွေကြောင့်ပဲဖြစ်ဖြစ်၊ အရက်ကြောင့်ပဲဖြစ်ဖြစ် အသည်းခြောက်လာတဲ့အခါ အသည်းကိုလာတဲ့သွေးကြော ကောင်းကောင်းမစီးနိုင်ဘဲ ဖိအားများလာတာကြောင့်တစ်ကြောင်း၊ သွေးကြောထဲမှာ အရည်တွေကို ထိန်းပေးနိုင်တဲ့ albumin ပရိုတင်းတစ်မျိုး မထုတ်လုပ်နိုင်တော့တာကြောင့် တစ်ကြောင်း ဖောရောင်လာတတ်ကြတယ်။ ဆား လျှော့စားတာ၊ ဆီးဆေး သောက်တာ စသဖြင့် ဖောရောင်တာ သက်သာအောင် နည်းလမ်းလေးတွေ သုံးပေးလို့ရပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)